ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်စီးနင်းခွင့်ရဖို့ လှုပ်ရှားမှုပြုလုပ်

ဇန်နဝါရီ ၁၇ -၂၀၂၁
သိင်္ဂီထွန်း၊ ယဉ်ပပထွန်း (VOM)

ရန်ကုန်တိုင်းထဲမှာ တရားဝင်ဆိုင်ကယ်စီးနင်းခွင့်ပြုပေးဖို့ ဆိုင်ကယ်စီးဦးထုတ်တွေဆောင်းပြီး မက်စ်ဝေတဲ့လှုပ်ရှားမှုတစ်ရပ်ကို ဒီကနေ့ညနေပိုင်းက ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့က ကားမှတ်တိုင်တွေမှာ လူအင်အား ၁၀၀ နီးပါးနဲ့ မက်စ်ကမ်းပိန်းပြုလုပ်ခဲ့ပါတယ်။

” အခုအချိန်က ဆန္ဒပြလို့မရတဲ့အခြေအနေဆိုတော့ မက်စ်ဝေတာပါ။မက်စ်ဝေတာမှာ ကျနော်တို့က ဆိုင်ကယ်ဦးထုပ်ဆောင်းပြီးလုပ်မယ်။အဓိကက ရန်ကုန်မြို့ထဲကို ဆိုင်ကယ်စီးခွင့်မရတဲ့အတွက် ဆိုင်ကယ်ဦးထုပ်တွေပဲဆောင်းပြီး မက်စ်ဝေတာပါ ပြည်သူသိအောင် ချပြတာပါ။ ကားဝယ်မစီးနိုင်တဲ့လူတန်းစားတွေအတွက် ဆိုင်ကယ်ဟာလိုအပ်တယ်။ ဆိုင်ကယ်ဟာ လိုအပ်မှုတစ်ခုအရ စီးနင်းနေရတာကြောင့် တရားဝင်စီးနင်းခွင့်ရမှသာ အဆင်ပြေမှာ။ မဟုတ်လို့ရှိရင် ဖမ်းချင်တဲ့အချိန်ကောက်ဖမ်းမယ်၊ တောင်းချင်သလောက်တောင်းမယ် ဆိုတာတွေက ကျနော်တို့လက်မခံရဘူး”လို့ Vikers Revolution က ကိုဝင်းကျော်မောင်က ပြောပါတယ်။

မက်စ်အခုရေ ၁၀၀၀ ဝေပေးခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၈ ရက်နေ့ ညနေ ၄ နာရီမှာလည်း ဆက်ဝေသွားမှာဖြစ်တယ်လို့ ကိုဝင်းကျော်မောင်ကပြောပါတယ်။

လက်ရှိမှာ ဆိုင်ကယ်စီးနေကြတာတွေရှိနေပေမယ့် တရားဝင်ခွင့်ပြုချက်နဲ့မဟုတ်တာကြောင့် စိတ်လုံခြုံမှုမရှိသလို၊ ဖမ်းချင်တဲ့အချိန်ဖမ်းပြီးဒဏ်ကြေးအဖြစ်လည်း တောင်းချင်သလောက်တောင်းနေတဲ့ကိစ္စတွေရှိနေတဲ့အပေါ် လက်မခံနိုင်တာကြောင့် တရားဝင်စီးနင်းခွင့်ပြုဖို့တောင်းဆိုတာဖြစ်တယ်လို့ပြောပါတယ်။

ဒဂုံမြို့သစ်အရှေ့ပိုင်းက မသက်သက်လှိုင်က “ ဒဂုံမြို့သစ်အရှေ့ပိုင်းမှာဆိုရင် သွားရေးလာရေးခက်ခဲတယ် ။ YBS ရောက်တဲ့နေရာမှာ မရှိတဲ့အတွက် ဆိုင်ကယ်ကယ်ရီကတဆင့် သွားလာရတဲ့နေရာမှာ နေရတာ ဖြစ်တဲ့အတွက် ဆိုင်ကယ်စီးခွင့်ကို ဝင်ရောက်ဝန်းရံတာဖြစ်ပါတယ်။ ဒီမိုကရေစီအစိုးရဖြစ်တဲ့အတွက် ကျွန်မတို့တောင်းဆိုတာပါ။ ရန်ကုန်တစ်မြို့ထဲကိုပဲ ဆိုင်ကယ်စီးခွင့်မရတာ ကျွန်မတို့ရန်ကုန်တစ်ခုထဲ လူ့အခွင့်အရေးဆုံးရှုံးနေတယ်လို့မြင်လို့ လူ့အခွင့်အရေးအရ ဒီမိုကရေစီစံနှုန်းအရ တောင်းဆိုတယ် ။ ဆိုင်ကယ်က အန္တရာယ်များတယ် ယာဉ်တိုက်မှုတွေများတယ်ဆိုရင် တစ်နိုင်ငံလုံးကိုပိတ်ပါ။ ဒါမှမဟုတ်ရင် တစ်နိုင်ငံလုံးကိုဖွင့်ပါ စည်းမျဉ်းစည်းကမ်းနဲ့ သွားစေချင်တယ်” လို့ ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်တရားဝင်စီးနင်းခွင့်တောင်းဆိုမှုအပေါ် ထောက်ခံသူရှိသလို ကန့်ကွက်သူတွေလည်းရှိနေပါတယ်။ကန့်ကွက်သူတွေကတော့ ဆိုင်ကယ်တရားဝင်စီးနင်းခွင့်ပြုလိုက်တဲ့အခါ လုယက်မှုတွေပိုများလာမှာကို စိုးရိမ်တာကြောင့်လို့ ပြောဆိုကြပါတယ်။

အခုလို ပြောဆိုမှုအပေါ် ကိုဝင်းကျော်မောင်ကတော့”ရန်ကုန်တိုင်းဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ဘယ်နေရာမှာဖြစ်ဖြစ် တရားဥပဒေစိုးမိုးမှုအားနည်းနေနေတဲ့ကာလမှာ သက်ဆိုင်ရာပြည်ထဲရေးဝန်ကြီးဌာနက ပြည်သူလူထုဘဝ လုံခြုံအောင်ထိန်းကျောင်းနိုင်ခြင်းမရှိဘူး၊ မရှိတော့ ရာဇဝတ်မှုတွေအများကြီးကျူးလွန်တယ်၊ ကျူးလွန်တဲ့အခါ ကားနဲ့လည်းကျူးလွန်တယ် ဆိုင်ကယ်နဲ့လည်းကျူးလွန်တယ်၊ ရာဇဝတ်မှုကျူးလွန်သူကတော့ မည်သည့်ပစ္စည်းကိုမဆို အသုံးပြုမှာပဲ”လို့ ပြောပါတယ်။

ဆိုင်ကယ်တွေသာ တရားဝင်စီးနင်းခွင့်ရမယ်ဆိုရင် ဆိုင်ကယ်အသုံးပြုရာဇဝတ်မှုကျူးလွန်သူတွေကိုလည်း လိုင်စင်၊စာရွက်စာတမ်းအပြည့်အစုံ၊နာမည်နဲ့တကွ တရားဥပဒေအရ အရေးယူမှုတွေလုပ်နိုင်လိမ့်မယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ တရားဝင် မော်တော်ဆိုင်ကယ်စီးခွင့်ကို လွှတ်တော်မှာ အဆိုအောင်ထားတယ်လို့လည်း သိရပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာ တရားဝင် မော်တော်ဆိုင်ကယ်စီးခွင့်ရရေးအတွက် လက်မှတ်တွေ ကောက်ခံရမှာ အွန်းလိုင်းနဲ့ မြေပြင်ကနေကောက်ခံမှုက လက်မှတ်ထိုးသူ ၆၀၀ နီးပါးခန့်ရှိနေပြီး အဲ့ဒီလက်မှတ်တွေကို ဇန်နဝါရီ ၁၉ ရက်နေ့မှာ ရန်ကုန်ုတိုင်းအစိုးရအဖွဲ့ကို တင်ပြသွားမယ် လို့လည်း သိရပါတယ်။

လက်ရှိ ဆိုင်ကယ်စီးနင်းမှုအများဆုံးက လှိုင်သာယာ၊ ရွှေပြည်သာ ၊တောင်ဒဂုံ ၊ဒဂုံဆိပ်ကမ်း ၊မြောက်ဥက္ကလာ ၊အင်းစိန်၊ သန်လျင် ၊ မင်္ဂလာဒုံ ၊မရမ်းကုန်း စတဲ့မြို့နယ်တွေဖြစ်တယ်လို့ သိရပါတယ်။

Photo – အေးချမ်းသူ(VOM)
#voiceofmyanmar #VOM #ရန်ကုန် #ဆိုင်ကယ်စီးခွင့်ရဖို့ #ကမ်ပိန်းပြုလုပ်

Related posts

Leave a Comment

VOM News

FREE
VIEW