နိုင်ငံရေးမှုနဲ့ ဖမ်းဆီး၊ ထောင်ချခံရတဲ့ ကျောင်းသား ၁၆ယောက်ရှိပြီ

ဇန်နဝါရီ ၁၈ -၂၀၂၁
ဆွေလင်းထွန်း(VOM)

ရခိုင်မှာဖြစ်နေတဲ့ ပြည်တွင်းစစ်ရပ်တန့်ရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ဆန္ဒပြခဲ့ကြတဲ့ ဗကသကျောင်းသား ၁၅ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ ထောင်ချထားပြီး ဒီကနေ့မှာတော့ နောက်ထပ်ကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုဘုန်းမြင့်ကျော်ကို အမရပူရမြို့နယ်တရားရုံးက ပုဒ်မ ၅၀၅(က)၊ ၅၀၅(ခ) တွေနဲ့ ထောင် ၁နှစ် အမိန့်ချလိုက်တယ်လို့ တရားရုံးမှာ အမှုစီရင်တာကို သွားရောက်နားထောင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုစိုးမိုးနိုင်ကနေ သိရပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ကျောင်းသားထုအခွင့်အရေး ကာကွယ်ရေးတာဝန်ခံ ကိုဘုန်းမြင့်ကျော်ကို အမရပူရမြို့နယ်တရားရုံးနဲ့ အောင်မြေသာစံမြို့နယ်တရားရုံးမှာ နယ်မြေခံရဲတပ်ဖွဲ့က နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ – ၅၀၅ (က)၊(ခ) နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

အခုလိုမျိုး ဗကသကျောင်းသားတွေ တရားစွဲဆို၊ ဖမ်းဆီးခံနေရတာနဲ့ ပတ်သက်ပြီး ကျောင်းသားတွေလွတ်မြောက်ဖို့ တောင်းဆိုတာထက် ဖမ်းဆီးခံကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကိုပဲ ဗကသအနေနဲ့ ဆက်လက်တောင်းဆိုသွားမှာ ဖြစ်တယ်လို့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ မအိမွန်ခင်က VOMကို ပြောပါတယ်။

မအိမွန်ခင်က “ကျောင်းသားလွတ်မြောက်ရေးဆိုတာတော့ သူတို့စိတ်ကြိုက် လွှတ်ပေးချင်ရင်လွှတ်ပေးမယ်၊ မလွှတ်ပေးချင်ရင် မလွှတ်ပေးဘူးဆိုတော့ ဗကသအနေနဲ့ ကျောင်းသားတွေလွတ်မြောက်ရေးဆိုတာထက် အခုဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို ဗကသရဲ့ မူ(၅)ချက်ထဲက ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးမူတွေနဲ့ တောင်းဆိုသွားမှာပါ” လို့ ပြောပါတယ်။

ဒီကနေ့ ထောင်ချခံလိုက်ရတဲ့ ကိုဘုန်းမြင့်ကျော်နဲ့ နောက်ထပ်ကျောင်းသား ၃ဦးကို လာမယ့် ဇန်နဝါရီ၂၆ရက်နေ့မှာ အောင်မြေသာစံမြို့နယ်တရားရုံးက ပုဒ်မ – ၅၀၅ (က)၊(ခ)တွေနဲ့ ရုံးထုတ်စစ်ဆေးဦးမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြည်တွင်းစစ်ရပ်တန့်ရေးအတွက် ပြီးခဲ့တဲ့ ၂၀၂၀ စက်တင်ဘာ ၁၀ရက်နေ့က မန္တလေးမြို့ ဈေးချိုနာရီစင်ရှေ့မှာ “တပ်မတော်ကြီးလည်းချီလာပြီ ၊ ပြည်သူတွေလည်းသေကုန်ပါပြီ” စတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့တဲ့အတွက် မန္တလေး၊ မိတ္ထီလာ၊ မုံရွာနဲ့ ပေါင်းတည်မြို့က ဗကသကျောင်းသားတွေကို အာဏာပိုင်တွေက နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ – ၅၀၅ (က)၊ (ခ)တွေနဲ့ တရားစွဲထားပြီး ထောင်ကျနေတဲ့ ကျောင်းသား ၁၆ဦးရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

Photo – ကိုစိုးမိုးနိုင်
#voiceofmyanmar #VOM #ဗကသကျောင်းသားထောင်ကျ #ရခိုင်စစ်ပွဲရပ်ဖို့ဆန္ဒပြ #အမရပူရတရားရုံး

Related posts

Leave a Comment

VOM News

FREE
VIEW