ဦးဝီရသူကိစ္စ ဆန္ဒပြခဲ့ကြတဲ့ သံဃာ ၃ ပါးနဲ့ လူ ၅ဦးကို မြို့နယ်နှစ်ခုမှာအမှုဖွင့်ထား

ဇန်နဝါရီ ၁၈ -၂၀၂၁
အေးချမ်းသူ(VOM)

ဦးဝီရသူအပါအဝင် အမျိုးသားရေးသမားတွေကို ရုံးထုတ်စစ်ဆေးပေးဖို့ ဆန္ဒပြမှု ၂ကြိမ်ပြုလုပ်ခဲ့တဲ့အထဲက ဦးဆောင်သူ သံဃာတော် ၃ပါးနဲ့ အမျိုးသားရေးလှုပ်ရှားသူ ၅ဦးတို့ကို လမ်းမတော်မြို့နယ်နဲ့ အင်းစိန်မြို့မရဲစခန်းတို့မှာ ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ထားတယ်လို့ သက်ဆိုင်ရာရဲစခန်းတွေကနေ သိရပါတယ်။

အနောက်ပိုင်းခရိုင်တရားရုံးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ရက်နေ့က ဆရာတော်ဦးဝီရသူကို ဗီဒီယိုကွန်ဖရန်းစ်နဲ့ ရုံးထုတ်စစ်ဆေးတာကို မကျေနပ်လို့ သံဃာတော်တွေနဲ့အမျိုးသားရေးလှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြပါတယ်။

“ဟုတ်ပါတယ် အဲ့ဒီနေ့က ဆန္ဒပြတဲ့နေရာမှာဦးဆောင်တဲ့ သံဃာတော် ၂ဦးနဲ့ လူ၄ဦးကို ငြိမ်းစုစီပုဒ်မ – ၁၉နဲ့ အမှုဖွင့်ထားပါတယ်”လို့ လမ်းမတော်မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အဲ့ဒီဆန္ဒပြခဲ့ရာမှာ ဦးဆောင်သူတွေဖြစ်တဲ့ ဆရာတော်ဦးတေဇဝန္တ၊ ဦးပညာဝံသနဲ့ ဦးသက်မျိုးဦး၊ ဦးထွန်းကျော်၊ ဦးမင်းမင်း၊ ဦးစိုးပိုင်တို့ကို ငြိမ်းစုစီပုဒ်မ-၁၉နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

အလားတူ ဇန်နဝါရီလ ၁၆ရက်နေ့က အင်းစိန်ထောင်ရှေ့ဆန္ဒပြချိန် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက် ဦးဆောင်သူ ၄ ဦးကို ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အင်းစိန်မြို့မရဲစခန်းကနေ သိရပါတယ်။

“လက်တလောကတော့ တစ်ဦးပဲဖမ်းထားတယ်။ သူက ပုဒ်မ ၃ ခုနဲ့အရေးယူထားတယ်။ ကျန်သုံးဦးအမှုဖွင့်အရေးယူထားပါတယ်။သုံးဦးက ငြိမ်းစုစီပုဒ်မ-၂၀နဲ့ပါ “လို့ အင်းစိန်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲ့ဒီဆန္ဒပြပွဲမှာ ဦးဝင်းထွေးဆိုသူကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး (ပ)အမှတ် ၄၃/၂၀၂၁၊ငြိမ်းစုစီပုဒ်မ-၂၀၊ ရာဇာသတ်ကြီးပုဒ်မ – ၃၅၃၊၃၃၂နဲ့ အရေးယူဆောင်ထားကာ ဦးဆောင်သူတွေဖြစ်တဲ့ ဦးသက်မျိုးဦး၊ ဆရာတော် အရှင်အဂ္ဂဓဇ၊ ဝန်းရံသူ ဆရာတော် ဦးပညာဝံသတို့ကိုလည်း ငြိမ်းစုစီပုဒ်မ၂၀နဲ့ အရေးယူထားတယ်လို့ အင်းစိန်မြို့မရဲစခန်းကနေ သိရပါတယ်။

ဦးဝီရသူဟာ ပြီးခဲ့တဲ့၂၀၁၉ ခုနှစ် မေလက နိုင်ငံတော်အကြီးအကဲတွေနဲ့ တာဝန်ရှိသူတွေကို မဖွယ်မရာစကားလုံးတွေပြောဆိုခဲ့တာကြောင့် အနောက်ပိုင်းခရိုင် ဒု-အထွေထွေအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ပြီး ပုဒ်မ-၁၂၄(က)နဲ့ တရားစွဲဆိုခဲ့ပေမယ့် တရားရင်ဆိုင်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေခဲ့ပါတယ်။

အဲ့ဒီလို ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ဦးဝီရသူဟာ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်၊ နိုဝင်ဘာ ၂ရက်နေ့က ပုန်းအောင်းနေရာကနေ ဒဂုံမြို့နယ်ရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့တာဖြစ်ပါတယ်။

နိူင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၁၂၄(က)ဟာ ပြစ်မှုထင်ရှားပါက အများဆုံးထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ အနှစ် (၂၀) အထိ ကျခံရနိုင်တဲ့အပြင် ငွေဒဏ်လည်းကျခံရနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ဦးဝီရသူ #ဆန္ဒပြသူတွေကို #တရားစွဲထား

Related posts

Leave a Comment

VOM News

FREE
VIEW