ကျောက်တော်က မိုင်းထိလူနာအမျိုးသမီးတစ်ဦး စစ်တွေဆေးရုံမှာသေဆုံး

ဇန်နဝါရီ ၁၈ -၂၀၂၁
ထက်အောင်စိုင်း(VOM)

ကျောက်တော်မြို့နယ်၊ ခဘော်ရွာက မိုင်းထိလူနာ အမျိုးသမီးတစ်ဦး
စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေစဉ် ဒီကနေ့ ဇန်နဝါရီ ၁၈ ရက် မနက်အစောပိုင်းက ရရှိထားတဲ့ မိုင်းဒဏ်ရာတွေနဲ့ သေဆုံးသွားပြီး ဒီကနေ့မှာပဲ သင်္ဂြိုလ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

လူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ ကျောက်တော်မြို့မိမြို့ဖ ဦးသန်းထွန်းက” ကျောက်တော်၊ ခဘော်ရွာက မိုင်းထိလူနာ အမျိုးသမီးသေဆုံးသွားတာ ဟုတ်ပါတယ်။ ဒီကနေ့ မနက်အစောပိုင်းကပဲ ဆုံးသွားပါတယ်။ သူ့အလောင်းကို ဒီနေ့ပဲ သင်္ဂြိုလ်သွားဖို့ရှိပါတယ်။”လို့ပြောပါတယ်။

သေဆုံးသွားတဲ့ မိုင်ထိလူနာဟာ ခဘော်ကျေးရွာက အသက် (၄၃)အရွယ် အမျိုးသမီး ဖြစ်ပြီး ကျေးရွာအနီး တောထဲကို ထင်းခုတ်သွားချိန် မိုင်းနင်းမိကာ ပေါက်ကွဲမှုကြောင့် မျက်နှာတစ်ခုလုံးပြိုပျက်သွားပြီး၊ ညာခြေပြတ်၊ ညာဖက်လက်မောင်းအောက်ပွန်းပဲ့ဒဏ်ရာ၊ ရင်ဘတ်ပွန်းပဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားတာဖြစ်ပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ထင်းခွေသွားရာမှာ သေဆုံးသူနဲ့အတူပါလာတဲ့ အခြားတစ်ယောက်ကတော့ ဒဏ်ရာမရရှိခဲ့ဘူးလို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း မိုင်းနဲ့ စစ်ကျန်လက်နက်တွေ မကြာခဏပေါက်ကွဲမှုဖြစ်ပွားနေပြီး ကျောက်တော်မြို့နယ်အတွင်း သေဆုံးသူ (၁၉) ဦးရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စာရင်းအရသိရပါတယ်။

ကျောက်တော်မြို့နယ်အတွင်း မြေမြုပ် မိုင်းဘေးအန္တရာယ်နဲ့ ဆက်စပ်ပြီး လက်ရှိမှာ ပြည်သူတွေဆီကို အသိပညာပေးမှုတွေ မဆောင်ရွက်နိုင်သေးပေးမယ့် နောက်ပိုင်းမှာ လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိကြောင်းနဲ့ အရင် စစ်ပွဲကာလတုန်းကလည်း အခြေအနေအရပ်ရပ်ကြောင်း မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေနဲ့ ဆက်စပ်ပြီး အသိပညာပေးမှုတွေ မလုပ်ဆောင်နိုင်ခဲ့ကြောင်း ကျောက်တော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းကပြောပါတယ်။

” ဒီအန္တရာယ်နဲ့ ပတ်သက်လို့ အသိပညာပေးတာကတော့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကျနော်တို့ရဲ့အပိုင်းပေါ့။ အဓိကတော့ မိုင်းနဲ့ စစ်ကျန်လက်နက်တွေနဲ့ ဆက်စပ်ရင် အထိရောက်ဆုံးနဲ့ အကောင်းဆုံးကတော့ ဒီဖြစ်စဉ်တွေမှာပါဝင်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ စစ်မက်မဖြစ်ပွားတဲ့အနေအထားထိ နားလည်မှုရှိနေကြတဲ့အချိန်မှာ သူတို့ကိုယ်တိုင် ပြည်သူတွေမျက်နှာထောက်ပြီးတော့ ရှင်းပေးနိုင်ရင် ပိုကောင်းတာပေါ့” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်အပြင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဒဏ်ကြောင့် အပြစ်မဲ့ပြည်သူ သေဆုံးမှုဦးရေ (၃၀၀) ကျော်နဲ့ ဒဏ်ရာရရှိသူ (၇၀၀) ကျော်ထိရှိကြောင်း အရပ်ဖက်စာရင်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ကျောက်တော် #မိုင်းထလူနာ #စစ်တွေဆေးရုံမှာသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW