‘ဝ’ ဒေသမှာ ကိုဗစ်လူနာ ၃၀၀နီးပါးရှိလာ

ဇန်နဝါရီ ၁၈ -၂၀၂၁
ကောင်းလက်ျာ(VOM)

‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်‌မြေမှာ ကိုဗစ်ပိုးတွေ့လူနာ ၁၄၆ ဦးထပ်တိုးလာတာကြောင့် မနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့အထိ ပိုးတွေ့လူနာ၂၉၉‌ ယောက်ရှိလာတယ်လို့ ‘ဝ’ ဒေသCovid-19ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

” မိုင်းပေါက်နဲ့ မိုင်းဖျန်မြို့နယ်တွေမှာ လူနာထပ်တိုးလာတာပါ၊ တရုတ်နယ်စပ်မှာ ပိုးတွေ့လူနာတစ်ဦး ဝ နယ်ထဲ ဖြတ်ဖူးတယ်လို့ သိရလို့ နောက်ကြောင်းပြန်လိုက်ရာက ပိုးတွေ့လူနာတွေ တွေ့လာတာ။ ခရီးသွားရာဇဝင်ရှိသူတွေတော့ မဟုတ်ဘူး”လို့ ‘ဝ’ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းကပြောပါတယ်။

‘ဝ’ ဒေသ Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့ထုတ်ပြန်ချက်အရ ဇန်နဝါရီလ ၁၇ ရက်နေ့ နေ့လယ်ပိုင်းအချိန်ထိ ဒေသအတွင်း ထပ်တိုးလူနာ ၁၄၆ ဦးရှိ‌နေပြီး မိုင်းပေါက်က ၁၃၂ ဦးနဲ့ မိုင်းဖျန်မြို့က ၁၃ ဦးဖြစ်တယ်လို့ သိရပါတယ်။

‘ဝ’ ဒေသအတွင်း ဓာတ်ခွဲနမူနာ(၂၆၉၈၉၅)ယောက်ကို Covid-19 ရောဂါပိုးစစ်ဆေးပြီးစီးထားပြီး အဲ့ဒီအထဲမှာ ပိုးတွေ့လူနာစုစုပေါင်း(၂၉၉)ဦးရှိနေပါတယ်။

UWSA ဌာနချုပ်ပန်ဆန်းမှာ ၃၅ ဦး၊ မိုင်းပေါက်မြို့မှာ၂၃၅ ဦး၊ ဟိုတောင်းမြို့မှာ ၈ ဦး၊ မိုင်းဖျန်မြို့မှာ ၂၁ ဦးနဲ့ ၄၅ ယောက်ကတော့ ဆေးရုံကနေပြန်ဆင်းသွားပြီး သေဆုံးလူနာမရှိသေးဘူးလို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ကိုဗစ်ဒုတိယလှိုင်း‌‌ကာလမှာ ‘ဝ’ ဒေသဌာနချုပ် မြို့နယ်အချို့မှာ ကိုဗစ်ပိုးတွေ့လူနာအချို့ရှိလာပြီးနောက်ပိုင်း ဌာနချုပ်ရှိတဲ့ ပန်ဆန်းမြို့ကို ဇန်နဝါရီ ၆ ရက်နေ့က စတင်ပြီး အသွားအလာကန့်သတ်ထားခြင်းကို အခုလကုန်အထိ သက်တမ်းတိုးထားတယ်လို့လည်း သိရပါတယ်။

Photo – E Lao
#voiceofmyanmar #VOM #’ဝ’ ဒေသ #ကိုဗစ်ပိုးတွေ့သူ #၃၀၀နီးပါးရှိ

Related posts

Leave a Comment

VOM News

FREE
VIEW