ကျောက်တော်က ဆန္ဒပြစစ်ရှောင်တွေကို ထွေအုပ်နဲ့ရဲက မီဒီယာနဲ့ဆက်သွယ်မှုမလုပ်ဖို့ ဖိအားပေး

ဇန်နဝါရီ ၂၁ -၂၀၂၁
ထက်အောင်စိုင်း (VOM)

ကျောက်တော်မြို့ပေါ်မှာ ဆန္ဒပြခဲ့တဲ့ စစ်ဘေးရှောင်တွေကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့က နောက်နောင် အခုလိုမျိုးဆန္ဒဖော်ထုတ်မှုတွေ မပြုလုပ်ဖို့နဲ့ သတင်းမီဒီယာသမားတွေနဲ့ပါ ခွင့်ပြုချက်မရှိဘဲ ဆက်သွယ်မှုမလုပ်ဖို့ ခေါ်ယူဖိအားပေးခဲ့ကြောင်း ခေါ်ယူစစ်ဆေးခံရသူတွေဆီကနေ သိရပါတယ်။

မနေ့က စစ်ဘေးရှောင်ဒုက္ခသည်တွေကို ခေါ်ယူဖိအားပေးရာမှာ စစ်ရှောင်တွေရဲ့ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်တွေကိုပါ ပိတ်ပင်ခံခဲ့ရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ခေါ်ယူဖိအားပေးခံရာမှာပါဝင်တဲ့ ဦးထွန်းရွှေသိန်းက ” သတင်းမီဒီယာသမားတွေနဲ့ ပြောမယ်ဆိုရင်လည်း သူတို့ခွင့်ပြုချက်မရှိဘဲ လုံးဝမပြောရဆိုပြီး ပြောပါတယ်။ ဒီအပေါ်မှာ ကျနော်တို့ပြောချင်တာက ကျနော်တို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ကျနော်တို့တိုင်းရင်းသားတွေအနေနဲ့ ခေါင်းငုံ့ခံနေရတာတွေဟာ ဖြစ်သင့်လား။ တရားမျှတမှုရှိရဲ့လားဆိုပြီး ပြောချင်ပါတယ်”လို့ ပြောပါတယ်။

စစ်ဘေးရှောင်တွေကို ခေါ်ယူဖိအားပေးချိန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၄ ဦး နဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်အုပ်ချုပ်ရေးမှူး နှစ်ဦးပါဝင်ပြီး စစ်ဘေးရှောင်စခန်းက အမျိုးသား(၃) ဦးနဲ့ အမျိုးသမီး (၅) ဦးတို့ ခံဝန်လက်မှတ်ထိုးခဲ့ရတယ်လို့ သိရပါတယ်။

” စစ်ဘေးရှောင်တွေအနေနဲ့ စစ်ရှောင်ကယ်ဆယ်ရေး စခန်းမှာနေရတဲ့အတွက် ကယ်ဆယ်ရေးတာဝန်ခံရဲ့ ခွင့်ပြုချက်မရှိဘဲ၊ ပြန်ကြားချက်မရှိဘဲ၊ မည်သည့်အကြောင်း တစ်စုံတစ်ရာမျှမလုပ်ရဆိုပြီး လက်မှတ်ထိုးခိုင်းတဲ့အတွက် ကျနော်တို့ လက်မှတ်ထိုးခဲ့ရပါတယ်”လို့ ဦးထွန်းရွှေသိန်းက ပြောပါတယ်။

ကျောက်တော်မြို့နယ်အတွင်း လူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ ကိုဇော်ဝင်းကလည်း မနေ့က ရဲနဲ့ ထွေ/အုပ်က စစ်ဘေးရှောင်တွေကို စစ်ဆေးတာမျိုးမဟုတ်ဘဲ ခြိမ်းခြောက်ကာ အတင်းအဓမ္မလက်မှတ်ထိုးခိုင်းတာနဲ့တူတယ်လို့ ဝေဖန်ပါတယ်။

ဒီကိစ္စတွေနဲ့ ဆက်စပ်ပြီး ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟဇော်ကို ဆက်သွယ်မေးမြန်ဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့က ကျောက်တော်မြို့၊ မဟာကံကြီးရှင်ဘုရားကြီးရှေ့မှာ ရခိုင်ပြည်နယ်အတွင်း တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာက အရေးယူပေးဖို့ အပါအဝင် အစိုးရနဲ့တပ်မတော်ကို ဝေဖန်တဲ့ဆိုင်းဘုတ်တွေနဲ့ ကျောက်တော်က စစ်ဘေးရှောင်တွေ ဆန္ဒဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကျောက်တော် #စစ်ရှောင်တွေ #မီဒီယာနဲ့ဆက်သွယ်မှုမလုပ်ဖို့ #ဖိအားပေးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW