ဝိုင်းမော်မြို့နယ်က ကာရာအိုကေဆိုင် ဝန်ထမ်း ၈ ဦး Covid-19 ရောဂါပိုးတွေ့

ဝိုင်းမော်-ဇန်နဝါရီ၂၁-၂၀၂၁
ရန်အောင်ထွန်း(VOM)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနား ၊ မခေါယန်ကျေးရွာအနီးက Green Valley ကာရာအိုကေဆိုင် ဝန်ထမ်းတွေထဲက ၈ ဦး Covid-19 ရောဂါပိုးတွေ့ရှိခဲ့လို့ ဝိုင်းမော်မြို့နယ်ဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသမှုခံယူနေတယ်လို့ ဝိုင်းမော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

အဲ့ဒီပိုးတွေ့လူနာတွေဟာ ဇန်နဝါရီ ၁၉ ရက်နေ့က မြစ်ကြီးနားမှာတွေ့ရှိခဲ့တဲ့ ပိုးတွေ့လူနာ ၁၁ ယောက်နဲ့ ဆက်စပ်ပြီး Green Valley ကာရာအိုကေဆိုင် ဝန်ထမ်း အမျိုးသား ၈၀ နဲ့ အမျိုးသမီး ၈၁ ဦးကို စစ်ဆေးခဲ့ရာကနေ တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခုပိုးတွေ့လူနာတွေဟာ အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၃ ဦးပါဝင်ပြီး အသက် ၃၀ ဝန်းကျင်အရွယ်တွေဖြစ်ပါတယ်။ လက်ရှိမှာတော့ Green Valley ကာရာအိုကေဆိုင်ကို လော့ဒေါင်းချထားပါတယ်။ ပိုးတွေ့လူနာတွေ သွားလာခဲ့တဲ့ နေရာတွေနဲ့ နေအိမ်တွေကို ပိုးသတ်ထားပြီး ၂၁ ရက် အသွားအလာ ကန့်သတ်ထားတယ်လို့ သိရပါတယ်။ ပိုးတွေ့တဲ့လူနာတွေ အားလုံးကတော့ လက်ရှိအချိန်အထိ ရောဂါလက္ခဏာ မပြသေးဘဲ ကျန်းမာနေကြတာဖြစ်လို့ ဝိုင်းမော်ဆေးရုံမှာ အတွင်းလူနာ အဖြစ်တင်ထားတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၂ ရက်နေ့မှာလည်း ခရီးလွန်နေတဲ့ ပို့တွေ့လူနာနဲ့ ထိတွေ့သူ ၃၀ ကိုလည်း စစ်ဆေးပြုလုပ်သွားမယ်လို့ သိရပါတယ်။

ထိတွေ့လူနာတွေနဲ့ ပတ်သက်ပြီး ဝိုင်းမော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒေါက်တာ သိန်းမြို့ကို မေးကြည့်တော့
“ လိုက်ထားတယ် လိုက်ထားတယ် သူတို့ရဲ့ ထိတွေ့ပုဂ္ဂိုလ်တွေ နက်ဖြန်ခါ ဆက်ပြီးတော့စစ်မယ် အလားလုံး ၃၀ လောက်ရှိတယ် စုစည်းထားပြီး နက်ဖြန်စစ်မယ် ” လို့ ဆိုပါတယ်။ အားလုံးကို (PCR Test) နဲ့ လာမယ့်အပတ်မှာ စစ်ဆေးဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

လတ်တလော ရန်ကုန်၊ မန္တလေးတိုင်းတွေမှာ Covid-19 ပိုးတွေ့ လူနာလျော့လာပေမယ့် ကချင်ပြည်နယ်မှာ ပိုးတွေ့လူနာအရေအတွက် တက်လာပြီး ဒေသတွင်းကူးစက်မှု ရှိလာတဲ့အပေါ်မှာလည်း
“ အရင်တုန်းကတော့ ရန်ကုန်ပြန် ၊ မန္တလေးပြန် ဖားကန့်ပြန်တွေမှာ အခုတော့ ကိုယ့် မြစ်ကြီးနာ ဝိုင်းမော် ဟိုဘက်မြို့ ဒီဘက်မြို့ကူးကြရင်း ကူးစက်ကြတယ် ဒေသတွင်းကူးစက်မှုရှိပြီ မလိုအပ်ဘဲနဲ့ ဘယ်မှ ခရီးတွေ မသွားနဲ့ပေါ့နော် အပျော်ခရီးဖြစ်ဖြစ် တချို့ကျတော့ ဘုရားဖူးထွက်တာတို့ ပျော်ပွဲစားထွက်တာတို့ ရေတံခွန်သွားတာတို့ အပန်းဖြေစခန်းသွားတာတို့ ကာရာအိုကေသွားတာတို့ ဘားသွားတာတို့ ကစားဝိုင်းသွားတာတို့ သွားချင်နေကြတယ်လေ အဲ့ဒါမျိုးတွေမသွားကြဖို့ ဘယ်သွားသွား အိမ်ကထွက်တာနဲ့ မက်စ်တွေတပ်ဖို့ လက်ဆေးဖို့ ခပ်ခွာခွာနေဖို့ အဲ့ဒါမျိုးတွေက ပေါ့ဆလို့မရသေးဘူးပေါ့နော် ဒါတွေကို အရေးတယူဂရုစိုက်ရအုန်းမယ် ” ဒေါက်တာသိန်းမြို့က ပြောပါတယ်။

ဝိုင်းမော်မြို့နယ်အတွင်း ကုန်တင်ကားသမားတွေကို နေ့စဉ် စစ်ဆေးပေးနေရာမှာ ဇန်နဝါရီ ၂၁ ရက် နေ့က ကားသမား ၆၅ ဦးနဲ့ သင်တန်းတက်ရောက်မယ့် ရဲဝန်ထမ်း ၅ ဦး စုစုပေါင်း ၇၀ ကို စစ်ဆေးလိုက်တဲ့အခါမှာလည်း ကားသမားထဲက တစ်ဦး ပိုးတွေ့ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီကားသမားကတော့ ကန်ပိုက်တည်နယ်စပ်ဂိတ်မှာ ၁၅ ကြိမ်စစ်ဆေးထားသူဖြစ်ပြီး လွန်ခဲ့တဲ့ ၃ ရက်လောက်ကမှ တရုတ်ပြည်ကနေ ပြန်ရောက်လာတာလို့ သိရပါတယ်။

#voiceofmyanmar #VOM #ဝိုင်းမော်ကိုဗစ် #Green Valley

Related posts

Leave a Comment

VOM News

FREE
VIEW