အစိုးရသစ်လက်ထက်မှာ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ လက်ရှိဝန်ကြီးတွေ အလိုမရှိကြောင်း ဆိုင်းဘုတ်ကပ်

ဇန်နဝါရီ ၂၂ -၂၀၂၁
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရဲ့ လူသွားလူလာများတဲ့နေရာမှာ အစိုးရသစ် လက်ထက်မှာ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ လက်ရှိဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို အလိုမရှိကြောင်း စာတမ်းပါတဲ့ ဗီနိုင်းဆိုင်းဘုတ်တွေကို ဒီကနေ့မနက် အစောပိုင်းက ချိတ်ဆွဲသွားပါတယ်။

” အလျား ၃ ပေ အနံ ၂ ပေ ဗီနိုင်းစပေါ်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နာယက ဦးတင်ဦး ဓာတ်ပုံပါတယ် ၊ စာတမ်းကတော့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ အစိုးရသစ်မှာ အလိုမရှိလို့ပါတယ်”လို့ အဲ့ဒီဆိုင်းဘုတ်ကိုမျက်မြင်တွေ့လိုက်ရသူက ပြောပါတယ်။

အဲ့ဒီ ဆိုင်းဘုတ်တွေကို မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းက လမ်းလယ်ကျွန်းသံဇကာပေါ်မှာနဲ့ စိန်နဂါးနာရီဆိုင်အနီးက နေရာတွေမှာ တွေ့ရတာဖြစ်ပါတယ်။

” ပြီးခဲ့တဲ့ ၂၀၂၀ မှာ အလုံ၊ စစ်ပင်ရပ်ကွက်က မွှေးကြူအောင်ဆိုတဲ့ လူတစ်ယောက်ကတော့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို အလိုမရှိကြောင်း တစ်ကိုယ်တော်ဆန္ဒပြတာ ရှိဖူးတယ်၊ အခုကိစ္စက ဘယ်သူ့လက်ချက်ဆိုတာ ပြောလို့မရသေးဘူး၊ စုံစမ်းနေဆဲဖြစ်တယ်”လို့ မုံရွာမြို့မရဲစခန်းက တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ အစိုးရသစ်မှာ အလိုမရှိဆိုတဲ့ ဆိုင်းဘုတ်ကိစ္စနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရုံးကို VOM က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်အတွင်းကလည်း စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကို အလိုမရှိကြောင်း မှင်ဆိုနဲ့ ရေးထားတဲ့စာတွေကို မုံရွာမြို့၊ ဝင်းယူနတီ ဟိုတယ်ရှေ့က ဆိုင်းဘုတ်ပေါ်နဲ့ မြို့တော်ခန်းမရှေ့က ဆိုင်းဘုတ်အပေါ်မှာ ရေးသားထားတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ #စစ်ကိုင်းအစိုးရအဖွဲ့ #အလိုမရှိကြောင်း #ဆိုင်းဘုတ်ကပ်

Related posts

Leave a Comment

VOM News

FREE
VIEW