မောင်တောမှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ ဖမ်းဆီးရိုက်နှက်ခံရသူတစ်ဦး စစ်တွေဆေးရုံကိုရောက်ရှိနေ

ဇန်နဝါရီ ၂၄ -၂၀၂၁
ထက်အောင်စိုင်း(VOM)

မောင်တောမြို့နယ်တောင်ပိုင်း၊ အင်းဒင်ကျေးရွာအုပ်စု၊ အောင်သုခကျေးရွာက တောထဲကို ဝါးသွားခုတ်တဲ့ ဒေသခံနှစ်ဦး ARSAအဖွဲ့လို့ ယူဆရတဲ့ လက်နက်ကိုင်တစ်စုက ဖမ်းဆီးရိုက်နှက်ခံရလို့ ပြင်းထန်ဒဏ်ရာတွေနဲ့ လူနာတစ်ဦး မနေ့ ဇန်နဝါရီ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက စစ်တွေဆေးရုံကို ရောက်ရှိလာတယ်လို့ သိရပါတယ်။

ဖမ်းဆီးရိုက်နှက်ခံရတာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ရက်နေ့က ဖြစ်ပွားခဲ့ပြီး ဖမ်းဆီးခံရသူတွေကတော့ အောင်သုခကျေးရွာက အသက် (၅၅) နှစ်အရွယ် ဦးကျော်ဇောအောင် နဲ့ တစ်ရွာတည်းနေသူ အသက် (၃၈) နှစ်အရွယ် ဦးမင်းသိန်းထွန်း တို့ဖြစ်ပါတယ်။

အသက် (၅၅) နှစ်ရှိ သက်ကြီးပိုင်းအရွယ် ဦးကျော်ဇောအောင်ဟာ ဖမ်းဆီးရိုက်နှက်ခံရတဲ့ ပြင်းထန်ဒဏ်ရာတွေနဲ့ စစ်တွေဆေးရုံကို ပို့ဆောင်ခဲ့ရတာဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

စစ်တွေဆေးရုံသို့ ရောက်ရှိနေတဲ့ ဦးကျော်ဇောအောင်ရဲ့ သမက်တော်စပ်သူ ကိုကျော်ဆန်းမင်းက “သူတို့က ရိုက်နှက်ခံရတဲ့ဒဏ်ရာတွေနဲ့ ထွက်ပြေးလွှတ်မြောက်လာမှပဲ ရွာကလူတွေသိရတာပါ။ သူတို့ သတိမမေ့မီပြောတာကတော့ သူတို့ကို မျက်နှာတွေအုပ်ပြီး တောထဲကို ခေါ်သွားတယ်။ လက်ပြန်ကြိုးချည်ပြီး လည်ပင်းကို လှီးမယ်ဆိုပြီး ခေါ်သွားတယ်လို့ ပြောတယ်”လို့ ပြောပါတယ်။

အောင်သုခကျေးရွာသားနှစ်ဦးကို ဖမ်းဆီးခဲ့တဲ့လက်နက်ကိုင်(၃)ဦးဟာ မြန်မာစကားမပြောဘဲ ဒေသအခေါ် (မွတ်ဆလင်စကား) ပြောကြကြောင်းနဲ့ ဖမ်းဆီးခံရပြီးမကြာမီမှာပဲ နောက်ထပ် လက်နက်ကိုင် (၂) ဦးရောက်လာကာ တောထဲက သစ်ပင်တစ်ပင်မှာ နောက်ပြန်ကြိုးတုတ် လည်ပင်လှီးမယ်လို့ ခြိမ်းခြောက်ကြောင်း သိရပါတယ်။

ဒေသခံတွေကတော့ အခုလုပ်ရပ်ဟာ ARSA ရဲ့လက်ချက်လို့ ယူဆနေကြပြီး အဲ့ဒီအနီးတစ်ဝိုက်မှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က အဓူရော်ကိန်း အမည်ရှိတဲ့ ဓားပြအဖွဲ့တစ်ခုရှိခဲ့တယ်လို့လည်း သိရပါတယ်။

စစ်တွေဆေးရုံကို ပြင်းထန်တဲ့ အတွင်းဒဏ်ရာတွေနဲ့ ရောက်ရှိနေတဲ့ ဦးကျော်ဇောအောင်ရဲ့သမက်တော်စပ်သူက”သူတို့ကို လည်ပင်းလှီးတော့မယ်ဆိုပြီး ဓားတင်ထားတဲ့အချိန်မှာ ဖုန်းတစ်လုံးဝင်လာတယ်လို့ ပြောတယ်။ အဲ့ဒီနောက် သူတို့ကို ပြန်လိုက်တော့ နောက်တစ်ခါဒီအနီးအနား မလာနဲ့ဆိုပြီး ပြောတယ်”လို့ ပြောပါတယ်။

အောင်သုခကျေးရွာက ဒဏ်ရာရရှိသူတွေဟာ လွှတ်ပေးလိုက်တဲ့နေရာကနေ အငူမော်- မောင်တောကားလမ်းအထိ ခြေလျင်လရကြောင်းနဲ့ ကားလမ်းမပေါ်ကိုရောက်ပြီး ရွာသားတွေနဲ့အဆက်အသွယ်ရတဲ့အချိန်မှ မောင်တောဆေးရုံကို ပို့ဆောင်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးရိုက်နှက်ခံရသူတွေဟာ ရင်ဘတ်ကို သေနတ်ဘောင်နဲ့ ထုထောင်းခံရတဲ့ ဒဏ်ရာ၊ ကျောကုန်းကို ခြေနဲ့ ကန်ကျောက်ခံရတဲ့ ဒဏ်ရာအပြင် လက်သီးတွေနဲ့ မျက်နှာကို ထိုးကြိတ်ခံရတဲ့ ဒဏ်ရာတွေပါ ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” မောင်တောမှာ အခုလိုမျိုး ဒသခံတွေကို ဖမ်းဆီးရိုက်နှက်တဲ့အပေါ် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးစေလိုတယ်၊ ဒီအပေါ်မှာ ဒေသခံတွေအနေနဲ့တော့ အကုန်လုံး စိုးရိမ်မှုဖြစ်တာပေါ့။ ဒေသခံတွေက ဆင်ရဲနွမ်းပါးတယ်။ အဲ့ဒီ မေယုတောင်ကို မှီခိုပြီးတော့ ဝါးခုတ်၊ ထင်းခုတ်ပြီး အသက်မွေးဝမ်းကျောင်းပြုနေရတာပါ”လို့ အောင်သုခကျေးရွာသား ကိုကျော်ဆန်းမင်းက ပြောပါတယ်။

ဖြစ်စဉ်ဖြစ်ပွားတဲ့ မေယုတောင်တန်းဟာ အောင်သုခကျေးရွာနဲ့ (၁) မိုင်အကွာအဝေးလောက်မှာရှိပြီး အောင်သုခရွာဟာ ရခိုင်လူမျိုးတွေနေထိုင်ကာ အိမ်ခြေ (၁၂၀) ကျော်ရှိတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ရခိုင်ပြည်နယ်၊ လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းတို့ကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။

#voiceofmyanmar #VOM #မောင်တော #လက်နက်ကိုင်အဖွဲ့ #ဖမ်းဆီးရိုက်နှက်ခံရသူ #စစ်တွေဆေးရုံရောက်

Related posts

Leave a Comment

VOM News

FREE
VIEW