ကျောက်မဲက ပရဟိတအဖွဲ့ဝင် လူငယ်နှစ်ဦးသေနတ်နဲ့ ပစ်ခတ်ခံရ

ဇန်နဝါရီ ၂၆၊၂၀၂၁
အေးချမ်းသူ(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ M2Kစားသောက်ဆိုင်မှာ ဇန်နဝါရီလ ၂၅ရက်နေ့ည၉နာရီခွဲက 5star ပရဟိတအဖွဲ့က လူငယ်နှစ်ဦးကို အမည်မသိသူနှစ်ဦးကနေ သေနတ်နဲ့ ပစ်ခတ်သွားတယ်လို့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ သိရပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သတ်ပြီး ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ကျောက်မဲမြို့နယ် တာဝန်ခံ ဒေါ်ရီရီဆွေက “ကျွန်မတို့ဆီမှာ အဲ့လိုပစ်တာက ခဏခဏပဲ ညကဆိုင်ကယ်နဲ့လူနှစ်ယောက်လာတယ် လူမသိဘဲရမ်းပစ်တယ် ကျွန်မအထင်ပေါ့နော် ဟုတ်ချင်မှလည်းဟုတ်မယ်၊ အခုအပစ်ခံရတဲ့ ကလေးတွေက ဆယ်လီဖြစ်တယ် 5starအဖွဲ့က သူတို့ကိုလုပ်လိုက်ရင် ပြည်သူတွေကြောက်သွားမယ်လို့ ထင်ပြီးပစ်တာနေမှာ” လို့ VOMကိုပြောပါတယ်။

မြို့ခံ အမျိုးသား ၄ ဦး ကျောက်မဲမြို့ ရပ်ကွက် ၈၊ နယ်မြေ ၂ က M2K စားသောက်ဆိုင်ရှေ့ အပြင်ဝိုင်းမှာ ထိုင်ပြီး စားသောက်နေတုန်းမှာ ကျောက်မဲကြီးဘက်ကနေ အောင်ဆန်းလမ်းအတိုင်း မြို့တွင်းဘက်ကို မောင်းနှင်လာတဲ့ ဆိုင််ကယ်တစ်စီးရောက်လာပြီး ဆိုင်ကယ်ပေါ်ပါ လူစိမ်း ၂ ဦးက လက်နက်ငယ်နဲ့ ၇ ချက်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ အမှတ် ၈ရပ်ကွက်မှအမည်မဖော်လိုသူတစ်ဦးက VOM ကိုပြောပါတယ်။

သေနတ်ဖြင့်ပစ်ခတ်ခံရသူနှစ်ဦးဟာ ကျောက်မဲ နာရေးကူညီမှုအသင်းနဲ့ ဘုံဆွမ်းလောင်းအဖွဲ့တို့မှာ ပရဟိတ လုပ်ဆောင်နေတဲ့ မောင်သိန်းစိုးနဲ့ လှိုင်းကျော်ထွန်းတို့ဖြစ်ပြီး သူတို့ နှစ်ဦးဟာ ကိုဗစ်ကာလအတွင်းကျောက်မဲမြို့မှာ ဒေါက်တာတစ်ဦးအပါအဝင်လူငယ်လေး
ဦးနဲ့ ဖွဲ့စည်းထားတဲ့ 5starအဖွဲ့မှာ ကူညီပေးနေသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရမှုကြောင့် ကိုလှိုင်းကျော်ထွန်းမှာ ယာပေါင်ရင်း ကျည်ဖောက်ဝင်ဒဏ်ရာ တချက် ၊ ဝဲတင်ပါး ကျည်ဖောက်ဝင် ဒဏ်ရာ တချက်ရရှိခဲ့ပြီး ကိုအောင်သိန်းစိုး(ခ) သိန်းစိုး မှာ ဝဲခြေကျင်းဝတ် ကျည်ဖောက်ဝင်ဒဏ်ရာ တချက် တို့ရရှိခဲ့တဲ့အတွက် ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံမှာ ဆေးကုသခံယူနေတယ်လို့ သူတို့ကို ကူညီပေးနေတဲ့ ဘုံဆွမ်းလောင်းအဖွဲ့မှ ကိုအောင်နိုင်ဝင်းက VOM ကိုပြောပါတယ်။

လက်ရှိအခြေအနေမှာ သေနတ်ပစ်ထွက်ပြေးသွားတဲ့ အမည်မသိ လက်နက်ကိုင် (၂)ဦးကို ကျောက်မဲမြို့မရဲစခန်းက ဖမ်းဆီးအရေးယူနိုင်ဖို့ စုံစမ်းနေကြပါတယ်။

ကျောက်မဲမြို့မှာ သေနတ်နဲ့ ချောင်းမြောင်းပစ်ခတ်မှုတွေ မကြာခဏကြုံရလေ့ရှိပြီး အခုဖြစ်စဉ်ကတော့ ၂၀၂၁ခုနှစ်မှာ ပထမဦးဆုံးချောင်းမြောင်းပစ်ခတ်မှုလို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၁ရက်နေ့က NLDပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထိုက်ဇော်ကို နေအိမ်ရှေ့မှာ အမည်မသိသူတွေက သေနတ်နဲ့ နှစ်ချက် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့ရတာလည်းရှိပါတယ်။

#voiceofmyanmar #VOM #ကျောက်မဲပစ်ခတ်မှ

ဓါတ်ပုံ-KME/Kyaw Oo

 

Related posts

Leave a Comment

VOM News

FREE
VIEW