ရခိုင်မှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးတော့မယ်

ဇန်နဝါရီ ၂၆ -၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါကာကွယ်ဆေးရောက်ရှိနေတာဟာ ၃ရက်တာ ရှိနေပြီဖြစ်ကြောင်းနဲ့ ကာကွယ်ဆေး‌ရောက်ရှိနေတာနဲ့အညီမနက်ဖြန် ဇန်နဝါရီ ၂၇ရက်နေ့က စပြီး စတင်ထိုးနှံပေးသွားတော့မှာဖြစ်တယ်လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က “ကျနော်တို့ကိုဗစ်ကာကွယ်ဆေးတွေထိုးဖို့ စီစဉ်နေတယ်။ မနက်ဖြန်ကစပြီး ထိုးဖို့စီစဉ်နေတယ်။ ကျန်းမာရေးဝန်ထမ်းတွေကို ပထမဦးစားပေး ထိုးသွားမှာပေါ့။ ဘာကြောင့်လည်းဆိုတော့ ကျန်းမာရေးဝန်ထမ်းတွေက လူနာတွေနဲ့ထိတွေ့နေရတယ်။ ေ ရာဂါကာကွယ်တားဆီးရေးအပိုင်းတွေမှာ လုပ်နေရတယ်။ ရခိုင်မှာကတော့ ဆရာတို့ ကျန်းမာရေးဝန်ထမ်းတွေအတွက် မှာထားတဲ့အရေအတွက်ကိုရထားတယ်”လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ၂၀ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောထားတာကလည်း ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုတွေကို ရှေ့တန်းက ကျန်းမာရေးဝန်ထမ်း၊ အဓိကကျတဲ့အစိုးရအဖွဲ့ဝင်တွေနဲ့ အမျိုးသားလွှတ်တော်၊ပြည်သူ့လွှတ်တော်စတဲ့ ပြည်ထောင်စုအဆင့်လွှတ်တော်ကိုယ်စားလှယ်တွေကို အခုအပတ်အတွင်း ထိုးပေးသွားမှာဖြစ်တယ်လို့လည်း ပြောထားပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးအမျိုးအစားသစ်ဟာ ဆေးနဲ့ပတ်သက်တဲ့ဝိသေသတွေ၊ အကြောင်းအရာတွေ၊ ကာကွယ်ဆေးထိုးတဲ့အခါဆောင်ရွက်ရမယ့်အချက်တွေ၊ နောက်ဆက်တွဲဖြစ်ပေါ်လာမယ့်ကိစ္စရပ်တွေ နဲ့ ဆက်စပ်ပြီး ဗဟိုအဆင့် မွမ်းမံဆရာဖြစ် သင်တန်းပြုလုပ်ထားပြီး ဖြစ်တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ကာကွယ်ဆေးတွေဟာ ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေး ထိုးပေးသွားမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ကိုဗစ်-၁၉ ကာကွယ်ရေး ဗဟိုကော်မတီရဲ့ဆုံးဖြတ်ချက်နဲ့ ဦးစားပေးထိုးခိုင်းသူတွေကို ထိုးပေးသွားမှာဖြစ်တယ်လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကူးစပ်မှုတွေဟာ တဖြည်းဖြည်းကျဆင်းလာတာကို တွေ့ရပြီး ရခိုင်ပြည်နယ်အတွင်း ဒီကနေ့အချိန်ထိ ကိုဗစ်၁၉ကြောင့် သေဆုံးသူ (၃၇) ဦးထိရှိခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

Photo – Embassy of India Myanmar
#voiceofmyanmar #VOM #ရခိုင် #ကိုဗစ်ကာကွယ်ဆေး #ထိုးပေးတော့မယ်

Related posts

Leave a Comment

VOM News

FREE
VIEW