ရွှေနဂါးဓာတ်မြေသြဇာစက်ရုံပိတ်သိမ်းရေးကိစ္စ ရန်ကုန်ဝန်ကြီးချုပ် ကိုယ်တိုင်ရှင်းပေးမယ်

ရန်ကုန်၊ ဇန်နဝါရီ ၂၆-၂၀၂၁
အေးချမ်းသူ(VOM)

ရန်ကုန်တိုင်း တွံတေးမြို့နယ် ကံပတ်ရိုးကျေးရွာမှာရှိတဲ့ ရွှေနဂါးဓာတ်မြေသြဇာစက်ရုံပိတ်သိမ်းရေးအတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင်ဖြေရှင်းပေးမယ်လို့ ဇန်နဝါရီ၂၆ ရက်ဒီနေ့မနက်ပိုင်း တိုင်းဒေသကြီးအစိုးရရုံးရှေလာကြတဲ့ ကျေးရွာသားတွေနဲ့ တွေ့ဆုံချိန်မှာ ကတိပေးပြောကြားခဲ့တာပါ။

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက”ညီလေးတို့ပြန်ကြပါ ကိုဗစ်ကာလမှာ အခုလိုလူစုလူဝေးနဲ့တောင်းဆိုတာမကောင်းပါဘူး မနက်ဖြန်အစ်ကို ကိုယ်တိုင်စောစောလေး လာရောက်ဖြေရှင်းပေးပါမယ်”လို့ ကတိပေးပြောကြားခဲ့ပါတယ်။

တွံတေးမြို့နယ် ကံပါတ်ရိုးကျေးရွာဒေသခံ ဦးရဲထွဋ်ဝင်းဦးဆောင်တဲ့ ကျေးရွာသား၁၇ဦးတို့ဟာ ဒီနေ့ ဇန်နဝါရီ ၂၆ရက် မနက် ၈နာရီခွဲခန့်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဂိတ်အမှတ်(၄)မှာ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်ရဖို့ သွားရောက်တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

“အခုတော့ အဆင်ပြေသွားပါပြီ ဝန်ကြီးချုပ်ကိုယ်တိုင် လာပြီးရှင်းပေးလို့ ကတိပေးပြောတယ်။ အခြားဝန်ကြီးတွေနဲ့ ဌာနဆိုင်ရာတွေလည်းပါတာပေါ့ “လို့ ပြည်သူ့ပါတီရဲ့ တိုင်းအတွင်းရေးမှုး ဦးရဲထွဋ်ဝင်းက ပြောပါတယ်။

ကံပါတ်ရိုးကျေးရွာ အရှေ့ဘက်မှာရှိတဲ့ ရွှေနဂါးဓာတ်မြေသြဇာစက်ရုံကနေထွက်တဲ့ အနံဆိုးတွေဟာ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ဆိုပြီး အစိုးရအဖွဲ့ကနေ ဖြေရှင်းဆောင်ရွက်ပေးဖို့ ဒေသခံတွေစုပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးကို လာပြီးတောင်းဆိုကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ရက်နေ့ကလည်း Green Biker စက်ဘီးစီးအဖွဲ့ကလည်း မြန်မာ့ရွှေနဂါးဓာတ်မြေသြဇာစက်ရုံက စွန့်ပစ်ပစွည်းတွေကြောင့် လေထုညစ်ညမ်းမှုနဲ့ သောက်သုံးရေကန်တွေ ညစ်ညမ်းမှုဖြစ်ပေါ်ခဲ့လို့ စက်ရုံကိုအပြီးပိတ်သိမ်းပေးဖို့ လှုပ်ရှားမှုအဖြစ် ရန်ကုန်ကနေ တွံတေးအထိ စက်ဘီးစီးတဲ့ ကမ်ပိန်းပြုလုပ်ခဲ့တာလည်းရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ဦးဖြိုးမင်းသိန်း #ရွှေနင်္ဂါးဓါတ်မြေဩဇာစက်ရုံ

Related posts

Leave a Comment

VOM News

FREE
VIEW