စစ်တွေမှာ နေအိမ် (၅) လုံးမီးလောင်၊ သိန်းပေါင်း (၈၀၀)ကျော်ဆုံးရှုံး

ဇန်နဝါရီ ၂၈ -၂၀၂၁
ထက်အောင်စိုင်း(VOM)

စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်၊ အကွက် (၉)၊ အရပ်အခေါ် မီးစက်ကြီးခွဆုံအနီးက ဘုမေမူဆလင်ရွာမှာ မနေ့ ဇန်နဝါရီ ၂၇ရက် ည (၉)နာရီကျော်လောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

မီးလောင်မှုကြောင့် လူနေအိမ် (၅) လုံး မီးလောင်ပျက်စီးကာ ကြက်အကောင်ရေ (၆၀၀) နီးပါရှိတဲ့ကြက်ခြံတစ်ခုမီးလောင်သွားပြီး ကျန်တဲ့နှစ်အိမ်မှာ အနည်းငယ်ပျက်စီးဆုံးရှုံးမှုရှိခဲ့သလို ဆုံးရှုံးမှုတန်ဖိုးအနေနဲ့ သိန်းပေါင်း (၈၀၀) အထက်ရှိတယ်လို့ မကျည်းမြိုင်အကွက် (၉)ရာအိမ်မှူးဆီကနေ သိရပါတယ်။

မီးလောင်မှုအကြောင်းအရင်းဟာ ကြက်မွေးမြူရေးအရောင်းဆိုင်အတွင်း ကြက်တွေကို အမွှေးနှုတ်ဖို့ ရေနွေးအိုးတည်ထားတဲ့ ထင်းမီးဖိုကတစ်ဆင့် အနီးရှိ ဝါးထရံကို မီးကူးစက်ပြီး စတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

မီးလောင်မှုကြောင့် မီးဘေးဒုက္ခသည် အမျိုးသား လူကြီး(၇)ဦး၊ ယောက်ျား ကလေး (၉)ဦး၊ အမျိုးသမီး လူကြီး (၁၀)ဦး၊ အမျိုးသမီး ကလေးငယ်(၆)ဦး၊ စုစုပေါင်း(၃၂)ဦးတို့ကို ဆွေမျိုးတွေရဲ့နေအိမ်မှာ ယာယီနေထိုင်လျက်ရှိတယ်လို့ ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

မကျည်းမြိုင်အကွက် (၉) ရာအိမ်မှူး ဦးလှရွှေက “မီးလောင်တာတော့ (၇) အိမ်ပါ။ အဲ့ဒီထဲမှာ (၅) အိမ်က ပြာကျသွားတယ်။ ကျန်တဲ့နှစ်အိမ်က တစ်ခြမ်းပါသွားတယ်။ တာဝန်ရှိတဲ့သူတွေအနေနဲ့ ဒုက္ခရောက်တဲ့လူတွေကို ထောက်ပံ့ပေးတာကောင်းပါတယ်။ နိုင်ငံတော်အစိုးရပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းမဆို ထောက်ပံ့ပေးရင်ကောင်းတာပေါ့။ ဒါက ကံတရားနဲ့ဖြစ်သွားတာပါပဲ”လို့ ပြောပါတယ်။

အခုလို လူနေအိမ်တွေ မီးလောင်တဲ့အထဲမှာ လူထိခိုက်ဒဏ်ရာရတာမရှိကြောင်းနဲ့ မီးလောင်နေချိန် နေအိမ်အတွင်းကနေ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးလွှတ်မြောက်သွားတာဖြစ်တယ်လို့ မကျည်းမြိုင်အကွက် (၉) ရာအိမ်မှူးက ဆက်ပြောပါတယ်။

” ထိခိုက်တာမရှိဘူး။ မီးလောင်တယ်ဆိုတော့ ပစ္စည်းတွေဆုံးရှုံးသွားတယ်။ လူတွေကတော့ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးရတာပေါ့။ ပစ္စည်းတွေဘာတွေကတော့ ဘာမှထုတ်လို့မရဘူးဆိုပြီး သတင်းရထားပါတယ်။ အခုတော့ သူတို့အမျိုးအဆွေတွေအိမ်မှာ ခိုလုံနေကြတယ်။ ကျနော်တို့ရပ်ကွက်အုပ်ချုပ်ရေးပိုင်းကတော့ လိုအပ်တာဖြည့်ဆည်းသွားမှာပေါ့”လို့ ရာအိမ်မှူး ဦးလှရွှေကပြောပါတယ်။

နေအိမ် မီးလောင်ဆုံးရှုံးသွားတဲ့ အိမ်ပိုင်ရှင်တွေကတော့ ဒေါ်ဖာတည်မာရဲ့ နေအိမ်၊ အာလီ၊ ဟာဆောင်းအူလာ၊ ဟာဆီးလာတို့နေအိမ်တွေဟာ ဆုံးရှူံးမှုများတဲ့သူတွေဖြစ်ပြီး အိမ်တစ်ခြမ်းပါသွားတဲ့ အိမ်ပိုင်ရှင်တွေကတော့ ဦးမောင်လှနဲ့ ရွှေမောင်တို့ဖြစ်တယ်လို့ သိရပါတယ်။

မီးလောင်သွားတဲ့အိမ်တွေဟာ (ဓနိမိုး၊ ဝါးထရံကာ၊ ဝါးခင်း) ဖြစ်ကာ မီးလောင်မီးကူးလွယ်ပြီး ပြည်နယ်၊ စစ်တွေခရိုင်၊ မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၆၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦး စုစုပေါင်း(၇၅)ဦးနဲ့ စုစုပေါင်း မီးငြိမ်းသတ်ယာဉ်(၈)စီးတို့နဲ့အတူ မီးလောင်ပြင်ကို သွားရောက်ငြိမ်းသတ်ခဲ့ရတာဖြစ်တယ်လို့ ရခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

#voiceofmyanmar #VOM #စစ်တွေ #မီးလောင်မှု #နေအိမ်၅လုံး #မီးလောင်ဆုံးရှုံး

Related posts

Leave a Comment

VOM News

FREE
VIEW