သင်္ဃန်းကျွန်းနဲ့အလုံမြို့နယ်မှာ တပ်ကိုထောက်ခံပြီး UECကိုကန့်ကွက်ကြောင်းဆန္ဒပြ

ဇန်နဝါရီ ၂၈ -၂၀၂၁
အေးချမ်းသူ(VOM)
ရန်ကုန်မြို့ရှိ သင်္ဃန်းကျွန်းမြို့နယ်နဲ့ အလုံမြို့နယ်မှာ တပ်မတော်ကိုထောက်ခံပြီး UEC ကိုကန့်ကွက်ကြောင်း ဆန္ဒပြပွဲကို ဒီကနေ့မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတို့မှာ ပြုလုပ်ခဲ့ကြပါတယ်။
တပ်မတော်ကို ဝန်းရံထောက်ခံပြီး UEC ကိုကန့်ကွက်ကြောင်း အလုံမြို့နယ်၊ သခင်မြပန်းခြံရှေ့မှာ ဒီကနေ့နေ့လယ် ၃နာရီက ​ဦးဆောင်သူဦးမြင့်စန်းအပါအ၀င် လူ၁၁ဦးတို့က ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲဦးဆောင်သူ ဦးမြင့်စန်းက “တပ်မတော်က သတင်းစာရှင်းလင်းပွဲမှာ ပြောသလို မီဒီယာရော ပါတီတွေတွေရော ပြည်သူတွေရော ကြိုက်တဲ့သူလာစစ်လို့ အာမခံပြီးပြောခဲ့တယ်၊ တပ်မတော်က စီစစ်ထားတဲ့မဲစာရင်းတွေကို တပ်မတော်လို UECက အာမခံပြီး စစ်ဆေးခိုင်းရဲလား၊ အခုလို UECကိုကန့်ကွက်ဆန္ဒပြရတာကလည်း မဲမသမာမှုတွေရှိနေပါလျက်နဲ့ တိုင်ကြားမှုတွေကိုမဖြေရှင်းဘဲ ရေငုံနှုတ်ပိတ်နေတဲ့အတွက် အခုလို ဆန္ဒဖော်ထုတ်ရတာဖြစ်တယ်”လို့ ပြောပါတယ်။
ဆန္ဒပြသူတွေဟာ တရားရေးဌာန အမှန်တရားဖော်ထုတ်ပေးရေး ဒို့အရေး၊ မီဒီယာများ အမှန်တရားဖော်ထုတ်ပေးရေး ဒို့အရေး၊ ပြည်ထောင်စုလွှတ်တော်အတွင်း တရားဥပဒေစိုးမိုးရေး ဒို့အရေးစတဲ့ စာသားတွေနဲ့ ကြွေးကြော်ခဲ့ကြပါတယ်။
အလားတူ ဒီကနေ့မနက်ပိုင်းကလည်း သင်္ဃန်းကျွန်းမြို့နယ် USDPပါတီရုံးမှာ “မဲမသမာမှုများအား ဖြေရှင်းမပေးသော UEC အလိုမရှိ”၊ “ပြည်ထောင်စုတရားသူကြီးချုပ်မှ နိုင်ငံတော်ကို ကယ်တင်ပေးရေး ဒို့အရေး”၊ ” ရွေးကောက်ပွဲပြဿနာများအား ဖြေရှင်းမပေးလည်း လွှတ်တော်ခေါ်ယူခြင်းအား အလိုမရှိ” စတဲ့စာသားတွေကြွေးကြော်ကာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
တပ်မတော်ထောက်ခံမှု၊ UECကန့်ကွက်ပွဲတွေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ရက်နေ့က ခွင့်ပြုချက်မရှိဘဲ တာမွေမြို့နယ်၊ ရွှေထွဋ်တင်ကွင်းမှာ ဆန္ဒပြခဲ့သူ ၁၆ဦးကို ဖမ်းဆီးခဲ့ပြီး ငြိမ်းစုစီပုဒ်မ-၁၉နဲ့ အမှုဖွင့်အရေးယူခဲ့ပါတယ်။
မနေ့ ဇန်နဝါရီ ၂၇ရက်နေ့ကလည်း ဒဂုံမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ တပ်မတော်ထောက်ခံပွဲမှာလည်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လိုက်လံဖမ်းဆီးခဲ့ရတဲ့ ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW