မှော်ဘီမြို့မဈေးက စည်ပင်ဥက္ကဋ္ဌကို ဈေးသည်တွေက ဆန္ဒပြ

ဇန်နဝါရီ ၂၉ -၂၀၂၁
အေးချမ်းသူ(VOM)

ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်၊ မြို့မဈေးကြီးက စည်ပင်ဥက္ကဋ္ဌဟာ ဈေးသူဈေးသားတွေအပေါ် အနိူင်ကျင့်အာဏာပြ ဒဏ်ငွေအကြိမ်ကြိမ်ရိုက်တယ်ဆိုပြီး ဒီကနေ့နေ့လယ်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

မှော်ဘီမြို့မဈေးကြီးအတွင်းရှိ စည်ပင်ဥက္ကဌဒေါ်တင်ဌေးဝင်းဆိုသူက ဈေးသည်တွေကို အနိုင်ကျင့်ပြီး ဒဏ်ငွေရိုက်ခြင်း၊ တရားစွဲဆိုတာတွေပြုလုပ်ခဲ့တာကြောင့် စည်ပင်ဥက္ကဋ္ဌကို အသစ်ပြန်လည်ရွေးချယ်ပေးဖို့အတွက် ဆန္ဒပြရတာဖြစ်တယ်လို့ ဆန္ဒပြပွဲဦးဆောင်သူ ဒေါ်စန္ဒာမင်းက ပြောပါတယ်။

“ဈေးသည်တွေ ဈေးရောင်းရတာ အနိူင်ကျင့်သလိုဖြစ်နေတယ်၊ A မှာရှိတဲ့သူတွေက ၂ပေပဲရောင်းရတယ်၊ အခြားရုံတွေက ၄ပေ သို့မဟုတ် ၆ပေရောင်းရတယ်၊ မကျေနပ်လို့ပြောရင် စည်ကမ်းမလိုက်နာရင် ဒဏ်ရိုက်တယ် တရားစွဲတယ်။ ဒါကြောင့် ဥက္ကဋ္ဌကို ပြန်လည်ရွေးချယ်ပေးစေချင်တယ်”လို့ ဒေါ်စန္ဒာမင်းကပြောပါတယ်။

စည်ပင်ဥက္ကဋ္ဌ ဒေါ်တင်ဌေးဝင်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် မေလက ဈေးသည် ၆ဦးခန့်ကို စည်းကမ်းမလိုက်နာလို့ ပုဒ်မ-၈၁၊ ပုဒ်မ-၈၆နဲ့ တရားစွဲဆိုခဲ့တာရှိတယ်လို့လည်း သိရပါတယ်။

ဆန္ဒပြသူတွေဟာ မှော်ဘီမြို့မဈေးကြီးအတွင်း “စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်တင်ဌေးဝင်း အလိုမရှိ၊ ငြိမ်းချမ်းစွာဈေးရောင်းချနေသောဈေးသည်များအား ဒဏ်ငွေရိုက်ခြင်းချက်ချင်းရပ်၊ စည်ပင်ဥက္ကဋ္ဌအသစ်ရွေးချယ်ပေးပါ၊ ဒေါ်တင်ဌေးဝင်း အလိုမရှိ”စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

အခုလို ဆန္ဒပြမယ့်အကြောင်းကို ဇန်နဝါရီ ၂၇ရက်နေ့က ငြိမ်းစုစီလာရောက်တင်ခဲ့တာဖြစ်တယ်လို့ မှော်ဘီမြို့မရဲစခန်းကနေ သိရပါတယ်။

ဈေးသည်တွေကို ဝင်ရောက်ကူညီပေးခဲ့တဲ့ ငြိမ်းချမ်းရေးနှင့်တိုင်းရင်းသားပြည်သူများဘဝမြှင့်တင်ရေး(အဖွဲ့ချုပ်)ဥက္ကဋ္ဌကိုလည်း ၆၆(ဃ)၊
ပုဒ်မ-၃၅၃နဲ့ တရားစွဲထားတယ်လို့ ဆန္ဒပြဦးဆောင်သူ ဒေါ်စန္ဒာမင်းက ပြောပါတယ်။

မှော်ဘီမြို့မဈေးမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်လို့ မှော်ဘီမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို တိုင်ကြားစာပေးပို့ခဲ့ပေမယ့်လည်း ထူးခြားမှုမရှိတာကြောင့် အခုလိုဆန္ဒပြရခြင်းဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #မှော်ဘီ #ဈေးဥက္ကဋ္ဌ #ဈေးသည်တွေဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW