ရေကြောင်းပညာတက္ကသိုလ်က ရာထူးတိုးတဲ့ကိစ္စ တရားမျှတမှုရှိစေဖို့ တောင်းဆို

ဇန်နဝါရီ ၃၁ -၂၀၂၁
ယဉ်ပပထွန်း(VOM)
ရန်ကုန်မြို့၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်က အလုပ်ရုံနည်းပညာဌာနမှ ကတိက ဆရာမတစ်ဦးကို ရာထူးတိုးတာနဲ့ပတ်သက်ပြီး နစ်နာနေမှုဖြစ်ပေါ်နေတာကြောင့် နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို တင်ပြတောင်းဆိုထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှာ ၂၀၀၅ ခုနှစ်က စပြီး အငယ်တန်းအင်ဂျင်နီယာ-၂အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့တဲ့ ဆရာမ ဒေါ်နုနုစိုးဆိုသူဟာ လုပ်သက် ၁၁ နှစ်ကျော်မှာ ကတိကရာထူးတိုးမြှင့်ခံခဲ့ရပါတယ်။
အဲ့ဒီလို ကတိကရာထူးတိုးမြှင့်ပြီး ၃ နှစ်အကြာမှာတော့ လစ်လပ်နေတဲ့ အင်ဂျင်နီယာဌာနမှူးကြီး(ဌာနမှူး)ရာထူးကို ဆက်လက်လျှောက်ခဲ့ရာ လုပ်သက်  ၇ နှစ်ငယ်တဲ့ အခြားသူကို ရာထူးတိုးပေးလိုက်တာကြောင့် တင်ပြထားခြင်းဖြစ်တယ်လို့ သိရပါတယ်။
“ အင်ဂျင်နီယာမှူးကြီးရာထူးက ၂၀၁၈ ခုနှစ်ကတည်းက လစ်လပ်နေတာပါ ။ အဲ့ဒီ ကတည်းက ဆရာမက အင်ဂျင်နီယာဌာမှူးကြီးကိုလည်း တွဲဖက်ပြီး အလုပ်လုပ်နေရတာပါ။ ဆရာမတို့ကျောင်းမှာက ရာထူးလစ်လပ်နေရင် လျှောက်ထားလို့ရပါတယ်။ လျှောက်လိုက်တဲ့အခါမှာ ဆရာမနဲ့လုပ်သက် ၇ နှစ်ကွာတဲ့လူနဲ့ ယှဉ်ပြိုင်ရာထူးလျှောက်ရမယ်ပြောတော့ ဆရာမက ရာထူးတိုးမြှင့်တာကို ဆိုင်းငံ့ပေးဖို့တောင်းဆိုခဲ့ပြီးတော့ ပို့ဆောင်ဆက်သွယ်ရေးပြည်ထောင်စုဝန်ကြီးကို ပြန်လည်စီစစ်ပေးဖု့ိ စာတင်ပြခဲ့ပါသေးတယ်“လို့ ကတိကဆရာမ ဒေါ်နုနုစိုးကပြောပါတယ်။
ပြည်ထောင်စုဝန်ကြီးကို စာတင်ပြရာမှာတော့ ရာထူးတိုးမြှင့်တာနဲ့ပတ်သက်ပြီး ပြန်လည်စီစစ်ဖို့ ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပေမယ့် အခုလ ၂၂ ရက်က ရာထူးတိုး အော်ဒါထွက်ပေါ်လာခဲ့တာကြောင့် တရားမျှတမှုဖြစ်စေဖို့ စာတင်ပြတောင်းခံထားခြင်းဖြစ်တယ်လို့ ဒေါ်နုနုစိုးကပြောပါတယ်။
“ အခုကျောင်းက တစ်ခုထဲ ခွဲထွက်နေတာရယ်၊ ကျောင်းမှာက ဆရာ/ဆရာမများသမဂ္ဂမရှိတာရယ်ကြောင့် အထက်ကို စာတင်ရတဲ့အဆင့်ဖြစ်ကုန်တာပေါ့ ။ သမဂ္ဂရှိခဲ့မယ်ဆိုရင် ကြားထဲက ဖြေရှင်းပေးလို့ရမှာပါ။ အခုက ကျောင်းတစ်ခုထဲ မဟုတ်ဘူး၊ ပညာရေးဝန်ကြီးဌာန လက်အောက်မှာရှိနေတဲ့ တက္ကသိုလ်တွေလည်း ရာထူးတိုးတာနဲ့ပတ်သက်ပြီး သမ္မတအထိ စာတင်ပြနေရတယ်၊ ဒါတွေက မကောင်းဘူးပေါ့ မဖြစ်သင့်ဘူး။ အောက်ခြေမှာ အားလုံးပြီးရမယ့်ကိစ္စတွေက အထက်တွေကိုပါ တင်ပြနေရတဲ့အတွက် ပြုပြင်ပြောင်းလဲသင့်ပြီလို့မြင်ပါတယ်“လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာန ကထိက ဦးလှိုင်တင့်ကပြောပါတယ်။
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ဟာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်မှာရှိနေတဲ့ ကျောင်းတစ်ကျောင်းလည်းဖြစ်ပါတယ်။
#voiceofmyanmar #VOM #ရန်ကုန် #ရေကြောင်းပညာတက္ကသိုလ် #ရာထူးတိုးကိစ္စ #တရားမျှတမှုတောင်းဆို

Related posts

Leave a Comment

VOM News

FREE
VIEW