ဖွဲ့စည်းပုံအရ အာဏာသိမ်းတယ်ဆိုတာ ဥပဒေနဲ့ ညီသလား

မန္တလေး-ဖေဖေါ်ဝါရီ ၂-၂၀၂၁

ဆွေလင်းထွန်း +နေလင်း(VOM)

 

 

မဲစာရင်းပြဿနာတွေကို အစိုးရနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းပေးဖို့ ငြင်းပယ်တာ၊ အရေးယူဆောင်ရွက်မှုမရှိတာ၊ လွှတ်တော်အစည်းအဝေးတွေကို ရွှေ့ဆိုင်းမပေးတာတွေဟာ နိုင်ငံတော်အာဏာကို အဓမ္မနည်းနဲ့ ယူရာရောက်တဲ့အတွက်ဖေဖော်ဝါရီ ၁ရက်နေ့မှာ ယာယီသမ္မတ ဦးမြင့်ဆွေအမိန့်နဲ့ တနိုင်ငံလုံးကို အရေးပေါ်အခြေအနေ တနှစ်ကြေညာခဲ့ပါတယ်။

 

အရေးပေါ်အခြေအနေကြေညာပြီးနောက် အခြေခံဥပဒေပုဒ်မ ၄၁၈အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ယာယီသမ္မတက လွှဲအပ်ခဲ့ပါတယ်။

 

အဲ့ဒီနောက် ဖွဲ့စည်းပုံပါ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ပြီးရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လွှတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာခဲ့ပေမယ့်ဘယ်အချိန်မှာ ကျင်းပမယ်လို့တော့ ပြောထားတာ မတွေ့ရပါဘူး။

 

အခုလိုမျိုး တပ်မတော်အနေနဲ့ နိုင်ငံတော်ရဲ့ အာဏာ ၃ ရပ်ကို ရယူတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှု ရှိမရှိကိုတရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နဲ့ နိုင်ငံရေးလေ့လာသူ ဒေါက်တာအောင်မျိုးတို့ကို VOM က ဆက်သွယ်မေးထားတာကိုဖော်ပြလိုက်ပါတယ်။

 

နိုင်ငံရေးလေ့လာသူ ဒေါက်တာအောင်မျိုးက သူ့ယူဆချက်ကို ခုလိုဆိုပါတယ်။

 

“ခုအာဏာသိမ်းတာက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီတယ်ခင်ဗျ။ ပထမဆုံးအချက်ကတော့ ၄၁၇ မှာတော့ သူတို့ အငြင်းပွားစရာဖြစ်ကြတယ်ပေါ့။ ၄၁၇ ကို ကျင့်သုံးမှုကတော့ ဒုတိယသမ္မတက ယာယီသမ္မတ လုပ်တာနဲ့ ပတ်သက်ပြီးတော့ ဝေဖန်တဲ့လူတွေလည်း ရှိတာပေါ့ဗျာ။ သို့သော် ဘာပဲပြောပြော ၄၀(ဂ) က သူက ပြေးမလွတ်ဘူးလေ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲတဲ့အခါမှာအသေးစိတ် အချက်အလက်တွေ ကျန်တတ်ကြတာပေါ့။ ၄၁၇ ထဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ကြီးလုပ်နိုင်တယ်လို့ ဆိုမထားခဲ့ဘူးပေါ့။ သမ္မတကတဆင့် လွှဲရတယ်ဘာညာပဲ ပါခဲ့တာပေါ့ဗျာ။ တကယ့်တကယ် မူထဲမှာကျတော့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အာဏာကို မမှန်ကန်တဲ့နည်းလမ်းနဲ့ ရယူဖို့ ကြိုးစားခဲ့လို့ရှိရင် သူက တိုင်းပြည်အာဏာကိုထိန်းသိမ်းနိုင်တယ်လို့ ၄၀(ဂ)မှာ ရေးထားတာ။ မူနဲ့ အကြုံးဝင်တဲ့ အတွက် ပုဒ်မ ၄၁၇ က အငြင်းပွားနေလည်း ပြဿနာမဟုတ်တော့ဘူး။ အဲ့ဒါကြောင့်မို့ တပ်မတော်က အာဏာသိမ်းတဲ့ကိစ္စက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်တယ်။

 

ဒေါက်တာအောင်မျိုးညွန်းဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀(ဂ)မှာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုစတဲ့ အဓမ္မနည်းတေါနဲ့ ရယူဖို့ ကြိုးစားတာကြောင့် ဒို့တာဝန်အရေးသုံးပါးကို ထိပါးစေမယ့် အရေးပေါ်အခြေအနေတွေ ပေါ်ပေါက်လာရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံနဲ့အညီ ရယူခွင့်ရှိတယ်လို့ ပြဌာန်းထားပါတယ်။

 

ပုဒ်မ ၄၁၇မှာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုစတဲ့ အဓမ္မနည်းတေါနဲ့ ရယူဖို့ ကြိုးစားတာကြောင့် ဒို့တာဝန်အရေးသုံးပါးကို ထိပါးစေမယ့် အရေးပေါ်အခြေအနေတွေ ပေါ်ပေါက်လာရင် နိုင်ငံတော်သမ္မတဟာအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်တဲအမိန့်ထုတ်ပြန်ကာ အရေးပေါ်အခြေအနေ ကြေညာရမယ်လို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။ အရေးပေါ်အခြေအနေကို တနှစ်ပြဌာန်းရမှာ ဖြစ်တယ်လို့လည်း ပါပါတယ်။

 

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ ဒေါက်တာအောင်မျိုးသဘောထားနဲ့ လုံးဝကွဲလွဲပါတယ်။

“၂၀၀၈ မှာပြဌာန်းထားတာ သမ္မတအတည်လို့ ပြောတာ။ ယာယီသမ္မတအတည်၊ ဒုသမ္မတအတည်ဆိုတာ မပါဘူး။ ခုကသမ္မတကြီးက ငုတ်တုတ်ကြီးရှိတယ်။ သမ္မတအိမ်တော်မှာ ခုထက်ထိရှိတယ်။ သူ့ကို လက်မှတ်ထိုးခိုင်းတာလည်း မထိုးဘူး။ အဲ့ဒါဘယ်လိုလုပ်ပြီး ဥပဒေနဲ့ ညီတော့မှာလဲ။ ဥပဒေမှာ သမ္မတက မလုပ်နိုင်ရင် ယာယီသမ္မတက လုပ်ရမယ်ဆိုတာလည်း မပါဘူး။အဲ့တချက်နဲ့တင် အားလုံးပျက်ပြီကွာ။ ၂၀၀၈ အခြေခံဥပဒေလည်း ပျက်ပြီ။ သမ္မတကို ပစ်သတ်လိုက်လို့ဆိုရင်လည်း တမျိုးပေါ့။သမ္မတက ထွက်စာလည်း မတင်ဘူး။ နေမြဲနေဆဲပဲ၊ ပြည်သူက ခန့်ထားတာ။ အဲ့ဒါကြောင့် ခုအာဏာသိမ်းတာက ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီတဲ့အပြင် ဖွဲ့စည်းပုံကလည်း ပျက်ပြီ။

 

တပ်မတော်ကတော့ အာဏာကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒအရထိမ်းသိမ်းထားတယ်ဆိုတဲ့လို့ ဆိုပေမယ့် ရွေးကောက်ပွဲအနိုင်ရပါတီ NLD ကတော့ တတိယအကြိမ် လွှတ်တော်ခေါ်ခင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဏာသိမ်းတာဟာ ၂၀၀၈ ဖွဲ့စည်းပုံကို ဆန့်ကျင်ဆောင်ရွက်တာဖြစ်တယ်လို့ NLD ပါတီက ကြေညာခဲ့ပါတယ်။

နိင်ငံတော်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ကိုဗစ်ကပ်ရောဂါကို ကျော်လွှားနိုင်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေးတိုက် ကြီးစွာအဟန့်အတားဖြစ်စေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါပါတဘ်။ ခုဆောင်ရွက်မှုကြောင့် နိုင်ငံတော်နဲ့ တပ်မတော်ရဲ့သမိုင်းကိုလည်း ညစ်နွမ်းစေတယ်လို့ ဒီကနေ့ ဖေဖေါ်ဝါရီ ၂ ရက်ရက်စွဲနဲ့ထုတ်ပြန်ခဲ့ပါတယ်။

 

#voiceofmyanmar #VOM #အာဏာသိမ်းတာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီသလား

Related posts

Leave a Comment

VOM News

FREE
VIEW