သမ္မတဓါတ်ပုံမဖြုတ်လို့ ရဲတပ်ဖွဲ့ဝင်တွေကိုရိုက်နှက်ခဲ့တဲ့ တပ်မတော်ဗိုလ်မှူးတစ်ဦးကို စစ်စည်းကမ်းနဲ့အရေးယူထား

ဖေဖော်ဝါရီ ၃ -၂၀၂၁
ကောင်းလက်ျာ(VOM)

တပ်မတော်ကနေ နိုင်ငံတော်က်အာဏာအရပ်ရပ်ကိုထိန်းသိမ်းပြီးနောက် ဖေဖော်ဝါရီ ၂ရက်နေ့က သဲကုန်းမြို့မရဲစခန်းမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့ ဓါတ်ပုံကို မဖြုတ်‌သိမ်းသေးတဲ့အကြောင်းပြချက်နဲ့ သဲကုန်းမြို့မရဲစခန်းမှူး အပါအဝင် တာဝန်ကျရဲတပ်ဖွဲ့ဝင် ၈ ဦးကို တပ်မတော်မှ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးက တုတ်နဲ့ရိုက်နှက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီ ဗိုလ်မှူးကိုတော့ စစ်စည်းကမ်းဥပဒေနဲ့ အရေးယူထားတယ်လို့ သဲကုန်းမြို့မရဲစခန်းကနေ သိရပါတယ်။

” တပ်မတော်က ဗိုလ်မှူးကို စုံခုံဖွဲ့စစ်ဖို့ ကျွန်‌တော်တို့ကို သက်သေခေါ်ထားပါတယ်။ စစ်စည်းကမ်းနဲ့အရေးယူ‌ဆောင်ရွက်ထားတယ်လို့ အကြောင်းပြန်ထားပြီး ကျွန်တော်တို့အထက်အရာရှိက ရဲရဲရင့်ရင့် မှန်မှန်ကန်ကန်ထွက်ဆိုဖို့မှာကြားထားပါတယ်”လို့ ရိုက်နှက်ခံခဲ့ရတဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

သဲကုန်းမြို့မရဲစခန်းကို အမှတ်(၈၀) ခြေလျင်တပ်ရင်းမှ ဗိုလ်မှူးသိန်းသန်းစိုး ဆိုသူနဲ့ တပ်မတော်သားအချို့ဟာ စခန်းစစ်ဆေးဖို့ အကြောင်းပြချက်နဲ့ရောက်လာခဲ့ချိန် ရဲစခန်းမှာချိတ်ဆွဲထားတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ဓါတ်ပုံကိုကြည့်ပြီး ” အရင်လူ‌တွေကိုထောက်ခံတာလား၊ အာခံခြင်းလား”လို့မေးကာ သဲကုန်းမြို့မရဲစခန်းမှူး ဒုတိယရဲမှူး အောင်မင်းလွင်ကို တုတ်တိုတစ်ချောင်းနဲ့ ရိုက်နှက်ရုံမျှမက စခန်းတာဝန်ကျရဲတပ်ဖွဲ့ဝင် ၇ ဦးကို ထပ်မံရိုက်နှက်ခဲ့တာဖြစ်တယ်လို့ သဲကုန်းမြို့မရဲစခန်းကနေ သိရပါတယ်။

ဖေဖော်ဝါရီ၂ ရက်နေ့က စတင်ပြီး တပ်မတော်နဲ့ ဌာနဆိုင်ရာအချို့ဟာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ ဓါတ်ပုံတွေကို လိုက်လံဖြုတ်သိမ်းခိုင်းတာမျိုးကို လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

သဲကုန်းမြို့မရဲစခန်းမှူးနဲ့ တာဝန်ကျရဲတပ်ဖွဲ့ဝင‌်‌တွေ ရိုက်နှက်ခံခဲ့ရမှုနဲ့ ပတ်သက်လို့ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးဖြစ်သူဟာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒ.က.စ(ပြည်))ကို သတင်းပေးပို့တိုင်ကြားခဲ့ပြီးနောက်ပိုင်း တပ်မတော်က စစ်စည်းကမ်းနဲ့အရေးယူ‌ဆောင်ရွက်ထားတယ်လို့ အကြောင်းပြန်ထားကြောင်း သဲကုန်းမြို့မရဲစခန်းကနေ သိရပါတယ်။

#voiceofmyanmar #VOM #သဲကုန်း #မြို့မရဲစခန်း #ရဲတပ်ဖွဲ့ဝင်တွေရိုက်နှက်တဲ့ #တပ်မတော်ဗိုလ်မှူး #စစ်စည်းကမ်းနဲ့အရေးယူထား

Related posts

Leave a Comment

VOM News

FREE
VIEW