CDM လှုပ်ရှားမှုမှာ ဆန္ဒထုတ်ဖော်တဲ့ မြောင်းမြမြို့က ကျောင်းအုပ်ဆရာ ၁ ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီး

မြောင်းမြ၊ ဖေဖော်ဝါရီ ၁၆ -၂၀၂၁
စပ်ခွန်သာ(VOM)

ဧရာဝတီတိုင်း၊ မြောင်းမြမြို့က CDM လှုပ်ရှားမှုမှာ ပါဝင်ဆန္ဒထုတ်ဖော်ခဲ့တဲ့ မြောင်းမြမြို့ ထောင်ကလို့ကျေးရွာစာသင်ကျောင်းက ကျောင်းအုပ်ဆရာကြီး ၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

မြောင်းမြမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက CDM လှုပ်ရှားမှုဆန္ဒထုတ်ဖော်ပွဲပြုလုပ်တာကို ပါဝင်ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကျောင်းအုပ်တစ်ဦးကို ဆန္ဒထုတ်ဖော်မှုအပြီး အပြန်လမ်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးကာ အချုပ်ကားထဲထည့်ပြီး မြောင်းမြအကျဉ်းထောင်ကို တန်းခေါ်သွားတယ်လို့ သိရပါတယ်။

အဖမ်းခံရတဲ့ ထောင်ကလို့ကျေးရွာမှ ကျောင်းအုပ်ဟာ နေ့စဉ် CDM လှုပ်ရှားမှုဆန္ဒထုတ်ဖော်ပွဲတွေမှာ ပါဝင်နေတာဖြစ်ပြီး ဖမ်းသွားတဲ့ ကျောင်းအုပ်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ ပြည်သူအင်အား အများအပြားက မြောင်းမြ အကျဉ်းထောင်အနီးမှာ အော်ဟစ်တောင်းဆို ဆန္ဒထုတ်ဖော်ကြပါတယ်။

”အပြစ်မရှိတဲ့ ပညာရေးဝန်ထမ်းကို ထောင်ထဲပို့တယ်၊ အပြစ်ရှိတဲ့ မုဒိမ်းသမားတွေကိုပြန်လွှတ်ပေးတယ်၊ ဒါကဘာလုပ်တာပါလဲ။ ဒီကနေ့လုပ်ရပ်ဟာ တော်တော်လေးလွန်ပါတယ်။ ဒါကြောင့် ချက်ချင်းပြန်လွှတ်ပေးဖို့တောင်းဆိုနေတာဖြစ်ပါတယ်။ သူတို့ကတော့ ထောင်ထဲတန်းခေါ်သွားတာတွေ့ရပါတယ်။ ရဲတွေက ကြမ်းကြမ်းတမ်းတမ်းလူစုခွဲနေပါတယ်”လို့ ဆန္ဒထုတ်ဖော်ပွဲမှာပါဝင်တဲ့ မြောင်းမြမြို့ခံ ဒေါ်စုစုလှိုင်ကပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားတဲ့သူကို ပြန်လွှတ်ပေးဖို့ တောင်းဆိုကြရာမှာ ဆန္ဒထုတ်ဖော်နေတဲ့ လူအုပ်ကြီးကို မျက်ရည်ယိုဗုံးနဲ့ပစ်ခတ်ဖြိုခွင်းနေပြီး ရေပိုက်ကားတွေနဲ့လည်း ထိုးပက်လူစုခွဲနေတာကိုတွေ့ရပါတယ်။

မြောင်းမြမြို့မှာ ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူများကို မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ရေပိုက်တွေ အသုံးပြု ဖြိုခွင်းလာပြီး လူဖမ်းဆီးခြင်းဟာ CDMမှာပါဝင်တဲ့ဝန်ထမ်းတွေကို ဖမ်းဆီးတာဟာ ပထမဆုံးလည်းဖြစ်ပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ်(၉)ရပ်ကွက်မှာနေထိုင်တဲ့ အလွှတ်တန်းသတင်းထောက် မရွှေရည်ဝင်းကို ဖေဖော်ဝါရီ ၁၁ ရက်က တပ်မတော်သားအချို့နဲ့ ရဲအချို့က လာရောက်ခေါ်ဆောင်ခဲ့တာနဲ့ မော်လမြိုင်ကျွန်းမြို့နယ်မှာ CDMလှုပ်ရှားမှု ပါဝင်ဆန္ဒထုတ်ဖော်ခဲ့တဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်း ၂၆ ဦးကိုလည်း ဖေဖော်ဝါရီ ၁၃ ရက်က စတင် အလုပ်ရပ်နားခံလိုက်ရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြောင်းမြ #CDMလှုပ်ရှားမှုဆန္ဒထုတ်ဖော် #ကျောင်းအုပ်ဆရာတစ်ဦး #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW