ဘားအံမှာ WE WANT DEMOCRACY စာတန်းပန်းချီကမ်ပိန်း ပြုလုပ်

ဖေဖော်ဝါရီလ ၁၈-၂၀၂၁
ခွန်ခမ့်သူ(VOM)

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဘားအံတက္ကသိုလ်ရှေ့ လမ်းမပေါ်မှာ ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက် မနက် ၁၀ နာရီက WE WANT DEMOCRACY စာတန်းကို ဆန္ဒပြသူတွေက ရေးဆွဲခဲ့ကြပါတယ်။

သပိတ်စစ်ကြောင်းဟာ နာရီစင်စုရပ်ကနေ ဗိုလ်ချုပ်လမ်းအတိုင်း ကြွေးကြော်သံတွေနဲ့အတူ စီတန်းလည့်လည်ပြီး ဘားအံတက္ကသိုလ်ရှေ့ လမ်းမပေါ်အရောက်မှာ စာတန်းရေးဆွဲခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒထုတ်ဖော်ပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့သူတစ်ဦးက” စစ်အာဏာရှင်တွေက မတရားအာဏာသိမ်းပြီး မတရားတဲ့ ဥပဒေတွေနဲ့ ဖိနှိပ်ဖို့ ကြိုးစားနေတယ်။ ဒါကိုလက်မခံနိုင်လို့ လမ်းပေါ်ထွက်တောင်းဆိုနေရတာ ဖြစ်တယ်။ ဒီမိုကရေစီက ကျနော်တို့အတွက် မရှိမဖြစ်လိုအပ်တယ်”လို့ ပြောပါတယ်။

အဲ့ဒီ စာတန်းကို ကျောင်းသား၊ ကျောင်းသူတွေက ဦးဆောင်ရေးဆွဲတာဖြစ်ပြီး ဆန္ဒပြစစ်ကြောင်းကလည်း ပူးပေါင်း ရေးဆွဲခဲ့ပါတယ်။
ဆန္ဒထုတ်ဖော်ရာမှာ ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်အလိုမရှိ၊ အမေစုနဲ့ သမ္မတကြီး ချက်ချင်းလွှတ်၊ ဖမ်းဆီးခံခေါင်းဆောင်တွေ ချက်ချင်းလွှတ်၊ ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကိုသတ်ဖို့မဟုတ်ဘူး၊ ရုံးမတက်နဲ့ ရုန်းထွက် စတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။

ဒီနေ့ ဘားအံ ဆန္ဒထုတ်ဖော်ပွဲမှာ မသန့်စွမ်းသူတွေပါ ပူးပေါင်းပါဝင်လာတာကိုလည်း တွေ့ရပါတယ်။

ဆန္ဒပြပွဲတွေဖြစ်ပွားနေတဲ့ အခြားမြို့ကြီးတွေမှာလည်း we want democracy စာတန်းတွေကို လမ်းတွေပေါ်မှာရေးဆွဲခဲ့ကြပြီး နေပြည်တော်မှာတော့ စာတန်းရေးလို့မပြီးခင်မှာပဲ ရဲတပ်ဖွဲ့က ရေနဲ့ဖြန်းပြီး စာတန်းကို ဖျက်ပစ်ခဲ့ပါတယ်။

#VoiceOfMyanmar #VOM #ဘားအံ #ဆန္ဒပြ

ဘားအံမှာ WE WANT DEMOCRACY စာတန်းပန်းချီကမ်ပိန်း ပြုလုပ်

Related posts

Leave a Comment

VOM News

FREE
VIEW