ရခိုင်ကျောင်းသားသမဂ္ဂက ကျောင်းသား(၃) ဦးအမှု နောက်လ ၅ ရက်နေ့မှာ အမိန့်ချမယ်

ဖေဖော်ဝါရီ ၁၉-၂၀၂၁
ထက်အောင်စိုင်း(VOM)

ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ကျောင်းသား(၃) ဦးကို ဒီနေ့ ဖေဖော်ဝါရီ ၁၉ရက်နေ့မှာ ရုံးထုတ်စစ်ဆေးရမှာ ဖြစ်ပေမယ့် တစ်ဦးကိုသာ ရုံးထုတ်စစ်ဆေးခဲ့ကြောင်းနဲ့ လာမယ့် မတ်လ (၅) ရက်နေ့မှာ ကျောင်းသား (၃) ဦးစလုံးကို ရုံးထုတ်စစ်ဆေးကာ အမိန့်ချသွားမှာ ဖြစ်ကြောင်းသိရပါတယ်။

ဒီကနေ့ ရုံးထုတ်စစ်ဆေးခဲ့တဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ကိုတိုးတိုးအောင်တစ်ယောက်တည်းကိုသာ စစ်ဆေးခဲ့တာဖြစ်ပြီး ငြိမ်းစုစီ ဥပဒေပုဒ်မ (၁၉) နဲ့ တရားစွဲခံထားရတာဖြစ်ပါတယ်။

ဒီကနေ့ ရုံးထုတ်စစ်ဆေးတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်ကျောင်းသားသမဂ္ဂ(စစ်တွေတက္ကသိုလ်) ဥက္ကဌ ကိုတိုးတိုးအောင်က “ ရုံးထုတ်တာကတော့ ကျနော့် တစ်ယောက်ထဲကိုပဲ ထုတ်ပါတယ်။ တစ်ခြားရဲဘော်တွေကိုတော့ ရုံးထုတ်စစ်ဆေးခဲ့တာမရှိဘူး။ ဒီနေ့ ထောင်ပိတ်တဲ့ အတွက်ကြောင့်လို့ပြောတယ်။ သူတို့ကတော့ နောက်လ ၅ ရက်နေ့ကျမှပဲ ဒီအမှုကို စစ်ဆေးပြီး ဆုံးဖြတ်နိုင်မယ်လို့ ပြောတယ်။” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့က ရခိုင်ပြည်နယ်အစိုးရရုံးရှေ့မှာ 4 G အင်တာနက်ပြန်ဖွင့်ပေးရေး၊ No Bloody Government၊ No Murder Army၊ ပြည်နယ်အစိုးရ အယုံအကြည်မရှိ” စတဲ့ ဆောင်ဘုတ်တွေနဲ့ ဆန္ဒပြခဲ့တာကြောင့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ကိုတိုးတိုးအောင်၊ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးနဲ့ ဦးသန်းနိုင်တို့ကို ပုဒ်မ ၁၉ နဲ့ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးက အမှုဖွင့် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်အရေးဆန္ဒပြတဲ့ ကိစ္စနဲ့ ဆက်စပ်ပြီး ဖမ်းဆီးတရားစွဲဆိုခံခဲ့ရတဲ့ ကျောင်းသား (၄) ဦးကိုတော့ တစ်ကြိမ်တစ်ခါမှ ရုံးထုတ်စစ်ဆေးခဲ့တာ မရှိသေးကြောင်းနဲ့ သူတို့ အားလုံးဟာ စစ်တွေအကျဉ်းထောင်အတွင်းမှာ ဖမ်းဆီးခံထားရတာ ၅ လ လောက်ရှိပြီဖြစ်ကြောင်းသိရပါတယ်။

အောက်တိုဘာ ၅ ရက်နေ့က ဖမ်းဆီးခံရတဲ့ ကျောင်းသား (၄) ဦးထဲမှာ ကိုကျော်နိုင်ဌေးနဲ့ ကိုဦးသန်းနိုင်တို့ ထပ်ပြီးပါဝင်နေကာ အဲဒီကျောင်းသားနှစ်ဦးဟာ အမှု(၂) ခုရင်ဆိုင်နေရပြီး ငြိမ်းစုစီအပြင် နိုင်ငံတော် အကြည်အညိုပျက်စေမှုနဲ့ပါ တရားစွဲဆိုခံထားရသူတွေဖြစ်ပါတယ်။

ကျန်တဲ့ ကျောင်းသား (၄) ဦးကို ရုံးထုတ်စစ်ဆေးမှုမပြုလုပ်တာနဲ့ ဆက်စပ်ပြီး ကိုတိုးတိုးအောင်က “ ကျနော်တို့ကို ရုံးထုတ်တာမထုတ်တာကတော့ အုပ်ချုပ်သူ အစိုးရနဲ့ပဲ ပိုပြီးဆိုင်တာပေါ့။ သူတို့တကယ်ထုတ်စေချင်ရင် ထုတ်လို့ရပါတယ်။ ပြည်မဖက်တွေမှာ ဆိုရင်လည်း ကိုဗစ်စည်းကမ်းနဲ့အညီ ရုံးထုတ်တာကို တွေ့ရတယ်။ အခုက ရုံးထုတ်ဖို့သင့်တော်တဲ့အချိန်ရောက်နေပြီ။ အချိန်ကလည်းတော်တော်ကြာနေပြီ။ ထောင်ထဲကလူတွေအတွက် အချိန်အားဖြင့် နစ်နာမှုတွေလည်း အများကြီးဖြစ်စေပါတယ်။” လို့ ဆိုပါတယ်။

သူတို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ အစိုးရရဲ့ ဥပဒေအထောက်အကူပြုအဖွဲ့ထဲမှာ အပြောင်းအလဲတွေရှိလာတာကြောင့် သူတို့အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူတွေဟာလည်း အရပ်ဖက် ရှေ့နေတွေသာ ဖြစ်တော့မှာလို့လည်း သိရပါတယ်။

ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုရာမှာ တရားလိုက စစ်တွေမြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်ဖြစ်ပြီး ဖမ်းဆီးတရားစွဲဆိုခံရတဲ့ ကျောင်းသားတွေကတော့ ရခိုင်ပြည်ကျောင်းသား သမဂ္ဂက သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက် သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ် ကျောင်းသားသမဂ္ဂက တွဲဘက်အတွင်းရေးမှူး ကိုမြတ်စိုးဝင်းနဲ့ ရန်ကုန်မြို့ ဒဂုံတက္ကသိုလ် ရခိုင်ကျောင်းသားသမဂ္ဂက ကိုကောင်းထွန်းတို့ ဖြစ်ကြပါတယ်။

ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုခံထားရသူတွေကိုတော့ ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ အမှုကို စစ်ဆေးအပြီးမှာ ဆက်လက်စစ်ဆေးသွားမှာဖြစ်ကြောင်း လည်း သိရပါတယ်။

#VoiceOfMyanmar #VOM #ရခိုင်ပြည်ကျောင်းသားသမဂ္ဂ #ကျောင်းသား #ရုံးထုတ်

Related posts

Leave a Comment

VOM News

FREE
VIEW