မြန်မာအရပ်သားတွေ ပစ်သတ်ခံရမှု ခွင့်လွှတ်နိုင်စရာမရှိလို့ စင်ကာပူပြော၊ နောက်ထပ်အရေးယူပိတ်ဆို့ဖို့ ဗြိတိန်ပြင်ဆင်နေ

စင်ကာပူ၊ ဖေဖော်ဝါရီ-၂၁-၂၀၂၁
မျိုးဆက် (VOM)

 

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေအတွင်း လုံခြုံရေးတပ်ဖွဲ့၀င်တွေက ကျည်အစစ်တွေအသုံးပြုပြီး လူသေဆုံးစေတဲ့အထိ နှိမ်နှင်းမှုတွေဟာ ခွင့်လွှတ်နိုင်စရာမရှိဘူးလို့ စင်ကာပူနိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

 

လုံခြုံရေးတပ်ဖွဲ့၀င်တွေဟာ လက်နက်မဲ့ဆန္ဒပြသူတွေအပေါ်ကို အလွန်အကျွံအင်အားအသုံးပြုတာတွေကြောင့် လူသေဆုံးစေတဲ့သတင်းတွေနဲ့ပတ်သက်ပြီး မိမိတို့အလွန်စိတ်ပျက်မိကြောင်း၊ လက်နက်မဲ့အရပ်သားတွေအပေါ် သေစေလောက်တဲ့လက်နက်တွေအသုံးပြုတာဟာ ခွင့်လွှတ်နိုင်စရာမရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

နောက်ထပ် အလားတူ အသက်ဆုံးရံှုးမှုများ မဖြစ်ပေါ်ရေးအတွက်ရှောင်ရှားကြဖို့ လုံခြုံရေးတပ်ဖွဲ့၀င်တွေကို ပြင်းပြင်းထန်ထန်တိုက်တွန်းကြောင်းနဲ့ တင်းမာမှုတွေလျှော့ချရေးနဲ့ အခြေအနေအေးဆေးတည်ငြိမ်ရေးကို အလျှင်အမြန်ဆောင်ကြဖို့၊ အာဏာပိုင်တွေအနေနဲ့ နောက်ထပ်အကြမ်းဖက်မှုတွေ၊ သွေးထွက်သံယိုကိစ္စတွေမဖြစ်အောင် ကာကွယ်တားဆီးရမယ်လို့ စင်ကာပူနိုင်ငံခြားရေး၀န်ကြီးဌာနက တိုက်တွန်းထားပါတယ်။

 

မနေ့က မန္တလေးမြို့မှာဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့တဲ့ အပေါ် ကုလသမဂ္ဂနဲ့ အီးယူအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက ပြစ်တင်ရှုတ်ချထားပါတယ်။

 

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို အာဏာပိုင်တွေက သေနတ်နဲ့ပစ်ခတ်တဲ့ လုပ်ရပ်ကို ဗြိတိန်အနေနဲ့ ပြစ်တင်ရှုတ်ချကြောင်း ၊ ဒီမိုကေရစီစနစ္ကို ဖျက်စီးပြီး ဆန္ဒပြသူတွေအပေါ် သတ်ဖြတ်နှိမ်နှင်းခဲ့လုပ်ရပ်တွေမှာ တာ၀န်ရှိသူတွေအပေါ်ကို နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ နောက်ထပ်အရေးယူဆောင်ရွက်ဖို့ အသေအချာသုံးသပ်စဉ်းစားသွားမယ်လို့ ဗြိတိန်နိုင်ငံခြားရေး၀န်ကြီး ဒေါမနစ်ရတ်ဘ်က ထုတ်ဖော်ပြောဆိုပါတယ်။

 

Ref: Straits Times/Epoch Times
Photo: Reuters
#voiceofmyanmar #vom #မြန်မာအရပ်သားသေဆုံးမှု

 

Related posts

Leave a Comment

VOM News

FREE
VIEW