လူမင်း လက်ခံထားလို့ ချိုကြည်သာ တေးသံသွင်းပိုင်ရှင်ကိုအမှုဖွင့်

ဖေဖော်ဝါရီ ၂၂ ၊ ၂၀၂၁
ကိုတိုးကြီး (VOM)
ရန်ကုန်တိုင်း ၊ ဗဟန်းမြို့နယ် ၊ ရွှေတောင်ကြား (၂) ရပ်ကွက် ၊ ရွှေတောင်ကြားလမ်း အမှတ် (၂၇ အေ) က နေအိမ်ပိုင်ရှင်ဟာ သရုပ်ဆောင် လူမင်းကို လက်ခံထားရှိတာနဲ့ပတ်သက်လို့ ဗဟန်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်လွင်က တရားလိုပြုလုပ် တိုင်တန်းပြီး အမှုဖွင့်လိုက်တယ်လို့ သိရပါတယ်။
ဗဟန်းမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦး ပြောပြတာက ” ချိုကြည်သာ တေးသံသွင်း ပိုင်ရှင် ဦးကြည်ဝင်းရဲ့ နေအိမ်မှာ ရုပ်ရှင် သရုပ်ဆောင် လူမင်း ခိုလှုံနေတယ်လို့ သတင်းအရ သွားရောက်စစ်ဆေးတဲ့အခါ အဲ့ဒီ အိမ်ရဲ့ နေအိမ်အပေါ်ထပ် အခန်းထဲမှာ လူမင်းကို တွေ့ခဲ့ရတာပါ၊ အချိန်က ၂၁ ရက် မနက် ၁ နာရီဝန်းကျင်မှာ “လို့ ဖြစ်ပါတယ်။
သရုပ်ဆောင် လူမင်းဟာ သူ့ရဲ့ ထင်ပေါ်ကျော်ဇောမှုကို အခွင့်ကောင်းယူ အသုံးချကာ နိုင်ငံ့ဝန်ထမ်းတွေ အလုပ်မဆင်းဖို့ CDM လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင် ပတ်သက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ထုတ်ပြန်စွပ်စွဲပြီး တာမွေမြို့မရဲစခန်းမှာ (ပ) ၁၁၃ / ၂၀၂၁ ၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) အရ ဖမ်းဝရမ်းထုတ်ခံခဲ့ရပါတယ်။
အဲ့ဒီအမှုနဲ့ ပတ်သက်ပြီး သရုပ်ဆောင် လူမင်းဟာ ရွှေတောင်ကြား ၂ ရပ်ကွက်က နေအိမ်တခုမှာ ရောက်ရှိနေထိုင်တုန်း ဒီလ ၂၁ ရက် မနက် ၁ နာရီအချိန်က ဗဟန်းမြို့ရဲစခန်းမှူး ဒုရဲမှူး ကျော်နီထွန်း အဖွဲ့နဲ့၊ အမှတ်(၅) လုံခြုံရေး ရဲတပ်ဖွဲ့ ဒုရဲအုပ် တင်အောင်မင်းထွန်းတို့ အဖွဲ့က သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဲ့ဒါကြောင့် သရုပ်ဆောင် လူမင်းကို လက်ခံထားတဲ့ အိမ်ရှင် ဦးကြည်ဝင်း ဆိုသူကို ဗဟန်းမြို့မရဲစခန်းက (ပ) ၃၅ / ၂၀၂၁ ရာဇသတိကြီး ဥပဒေ ပုဒ်မ ၂၁၂ အရ အမှုဖွင့် အရေးယူထားတာဖြစ်ပါတယ်။
“ဖမ်းဝရမ်း ထုတ်ဆင့်ခံထားရတဲ့သူတွေကို လက်ခံထားရှိတယ်ဆိုရင် အရေးယူမယ်လို့ တရားဝင် အသိပေး ထုတ်ပြန်ထားပြီးဖြစ်တယ်၊ အဲ့ဒါကြောင့် သရုပ်တောင် လူမင်းကို ဝရမ်းထုတ်ထားတဲ့သူမှန်း သိပါရက်နဲ့ လက်ခံခဲ့လို့ အရေးယူတာဖြစ်တယ်”လို့ ဗဟန်းမြို့မရဲစခန်းက ရဲအရာရှိ တစ်ယောက်က ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW