မုံရွာအခြေစိုက် သတင်းသမား ၂ ယောက် ဖမ်းဆီး စစ်ဆေးခံနေရ

ဖေဖော်ဝါရီ ၂၄ ၊ ၂၀၂၁
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ မုံရွာအခြေစိုက် MCN TV NEWS သတင်းဌာနက သတင်းထောက် ဒေါ်တင်မာဆွေနဲ့ The Voice သတင်းဌာနက သတင်းထောက် ဒေါ်ခင်မေစန်းတို့ ၂ ဦးကို သတင်းတင်ပြပုံ တဖက်သတ်ဖြစ်နေတဲ့ အတွက်ဆိုပြီး မုံရွာမြို့မရဲစခန်းမှာ ဒီကနေ့ မနက် ၉ နာရီလောက်ကတည်းက စတင်ပြီး စစ်ဆေးခံနေရတယ်လို့ သိရပါတယ်။

စစ်ဆေးခံနေရသူ ကာယကံရှင် ဒေါ်တင်မာဆွေ ပြောပြတာက “၂၂ ရက်ညက မုံရွာမြို့ နတ်လူထိပ်ပန်ရပ်ကွက် လုံခြုံရေး အဖွဲ့က ဖမ်းဆီးထားတဲ့ မသင်္ကာသူ အမျိုးသား တစ်ယောက်ကို စစ်ဆေးမေးမြန်းနေတဲ့ ရုပ်သံသတင်းမှာ စစ်တပ်ဖက်က ခိုင်းစေတယ်ဆိုတဲ့ကိစ္စ နဲ့ပတ်သက်ပြီး MCN TV News သတင်းဌာနက ဖော်ပြတဲ့အခါ တဖက်သတ်ဖြစ်နေတဲ့အတွက် ၂ ဖက်အသံပါဖို့ ဘက်မျှဖို့ သတင်းအရင်းအမြစ်တွေကို ချိတ်ဆက် ဆက်သွယ်ရင်း အခုလို စစ်ဆေးခံနေရတာ”လို့ ဖြစ်ပါတယ်။

သတင်းတင်ပြရာမှာ ၂ ဖက်အသံတွေရရှိဖို့ သတင်းအရင်းအမြစ်ရှိတဲ့နေရာကို ဒီမနက်ပိုင်းက သတင်းထောက် ဒေါ်တင်မာဆွေနဲ့ သတင်းထောက် ဒေါ်ခင်မေစန်းတို့ ၂ ယောက်အတူသွားခဲ့တာဖြစ်ပါတယ်။

” အခြေအနေနဲ့ ပတ်သက်လို့ အထက်ဌာနကို တင်ပြထားဆဲဖြစ်ပါတယ်၊ တစုံတရာ ပြန်ကြားချက် မရသေးပါဘူး “လို့ မုံရွာမြို့မရဲစခန်းက ရဲဝန်ထမ်း တစ်ယောက်ကပြောပါတယ်။

စစ်ဆေးမေးမြန်းခံနေရတဲ့ သတင်းထောက် ၂ ယောက်ဟာ ဒီည ၉ နာရီအချိန်ထိ ရဲစခန်းမှာရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒီလ ၁ ရက်နေ့ကစလို့ နိုင်ငံရေး မူဝါဒ အပြောင်းအလဲတွေဖြစ်ပေါ်လာပြီးနောက် မြန်မာနိုင်ငံ သတင်းစာ ကောင်စီ ထိပ်သီးအဖွဲ့ဝင် အများအပြားဟာ လုပ်ငန်းကနေ နုတ်ထွက်ထားတဲ့ ကာလဖြစ်ပါတယ်။

MCN သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအံ့ဘုန်းမြတ်ကတော့ သတင်းထောက်တွေ လွတ်မြောက်ရေး သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဆက်သွယ်ဖြေရှင်းဖို့ ကြိုးစားနေဆဲဖြစ်တယ်လို့ပြောပါတယ်။

ရဲစခန်းကို တိုင်ကြားထားတဲ့ တပ်မတော်အရာရှိကတော့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ နဲ့အမှုဖွင့်ဖို့ တိုင်ကြားထားပေမယ့် ရဲတပ်ဖွဲ့က စစ်ဆေးနေဆဲဖြစ်ပါတယ်။

#voiceofmyanmar #VOM #မုံရွာသတင်းထောက်

Related posts

Leave a Comment

VOM News

FREE
VIEW