ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ အစိုးရဖွဲ့ပြီ

မတ် ၂-၂၀၂၁
Voice Of Myanmar

ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေဟာ တာဝန်တွေကို ထမ်းဆောင်နိုင်ဖို့ အခြေအနေ မရှိတာကြောင့် နိုင်ငံတော်အစိုးရရဲ့ လုပ်ငန်းတာဝန်တွေကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးတွေရဲ့ ကိုယ်စား ဆောင်ရွက်ဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဝန်ကြီးဌာန ၉ ခုမှာ ခေတ္တပြည်ထောင်စုဝန်ကြီးတွေကို ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ ဒီနေ့ မတ်လ ၂ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ဒေါ်ဇင်မာအောင်ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဦးလွင်ကိုလတ်ကို သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဦးတင်ထွန်းနိုင်ကို စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒေါက်တာဇော်ဝေစိုးကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနတို့မှာ ခေတ္တဝန်ကြီးတွေအဖြစ် တာဝန်ပေးလိုက်တာပါ။

ခုလိုမျိုး ခေတ္တဝန်ကြီးတွေ ခန့်အပ်လိုက်တာနဲ့ ပတ်သက်ပြီး CRPH အဖွဲ့ဝင် သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်ကို Voice Of Myanmar က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

VOM: အခုလိုမျိုး ခေတ္တဝန်ကြီးတွေခန့်အပ်ပြီးပြီဆိုတော့ ဒီဝန်ကြီးတွေက ဘာတွေဆက်လုပ်မလဲ။
ULKL: အဓိကကတော့ ကျနော်တို့က သမ္မတကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံတို့ ဒီအစိုးရအဖွဲ့ဝန်ကြီးတွေအနေနဲ့ အခုလိုမျိုး ဥပဒေမဲ့ဖမ်းဆီးခံထားရတဲ့အချိန်မှာ အစိုးရအလုပ်တွေကို ကျနော်တို့ ပုံမှန်လည်ပတ်သွားနိုင်ဖို့အတွက် အဓိက ဆောင်ရွက်တာပေါ့၊ ဒီ ခေတ္တဝန်ကြီးတွေခန့်အပ်ပြီးတော့ အစိုးရအဖွဲ့တာဝန်တွေကို ဆက်ပြီးဆောင်ရွက်သွားဖို့ အဓိက ကျပါတယ်။ နောက်တခုကကျတော့ နိုင်ငံတကာမှာ စစ်ကောင်စီရဲ့ တရားဥပဒေမဲ့ နိုင်ငံသားတွေအပေါ် ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်ရမယ့်လုပ်ငန်းတွေမှာ ပြည်ထောင်စုအစိုးရအနေနဲ့ ဆောင်ရွက်ရမယ့်ကိစ္စတွေရှိနေတဲ့အတွက်ကြောင့်မို့ ဒါတွေကို ဆက်လက်ဆောင်ရွက်သွားဖို့အတွက်လည်း ခုလိုဖွဲ့ရတာ ပါပါတယ်ဗျ။

VOM: ဝန်ထမ်းတွေကိုကျတော့ ဘယ်လိုဖိတ်ခေါ်မလဲဗျ။
ULKL: အဓိကကတော့ ကျနော်တို့ဘက်က ဝန်ထမ်းတွေနဲ့ပတ်သက်ပြီးတော့ တိကျတဲ့ ညွှန်ကြားချက်တွေလည်းထွက်မယ်။ ကျနော်တို့ကိုယ်တိုင်လည်း ဝန်ထမ်းတွေကို သေသေချာချာနားလည်အောင် ပြောပြထားမှာက လက်ရှိ စစ်ကောင်စီဟာ ကျနော်တို့ နိုင်ငံရဲ့အစိုးရလုံးဝမဟုတ်ဘူး။ ကျနော်တို့နိုင်ငံအပေါ်မှာ လက်နက်အားကိုးပြီးတော့ ကျနော်တို့ နိုင်ငံရဲ့အာဏာကို သိမ်းလုထားတဲ့ အစိုးရအဖွဲ့ပဲဖြစ်တယ်။ ဒါကြောင့်မို့လို့ ခုပေါ်ပေါက်ထားတဲ့ ခေတ္တဝန်ကြီးတွေနဲ့ တာဝန်ထမ်းဆောင်မယ့်အစိုးရအဖွဲ့ကို တာဝန်ယူဖို့တော့ ဝန်ထမ်းတွေအနေနဲ့ ပြတ်ပြတ်သားသားဆုံးဖြတ်ကြရမယ်။ ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ ခုလည်းပဲ အများကြီးဆောင်ရွက်နေတဲ့အတွက် ကျနော်တို့ ဂုဏ်ယူတယ်။ဒါပေမယ့် အာဏာရှင်ပြုတ်ကျသွားဖို့အတွက်ကတော့ အားလုံးက ကျနော်တို့ ခုဖွဲ့စည်းလိုက်တဲ့ ခေတ္တဝန်ကြီးတွေပါတဲ့ အစိုးရအဖွဲ့နဲ့အတူ ပြတ်ပြတ်သားသားသား တသားတည်းရပ်တည်မယ်ဆိုရင် တနိုင်ငံလုံးအတွက် ကောင်းတဲ့အနာဂတ်တခုကို ရောက်လာမယ်လို့ ကျနော်တို့အနေနဲ့ ဒီကလည်း ပြောချင်တယ်၊ သေချာပေါက်လည်း ကျနော်တို့ ပြောမှာပါ။

VOM: နိုင်ငံတကာနဲ့ ဆက်ဆံဖို့ကိုရော ဘယ်လိုအကြောင်းကြားမလဲခင်ဗျ။
ULKL: နိုင်ငံတကာနဲ့က ကျနော်တို့ ဆက်ဆံပြီးသားတွေရှိပါတယ်။ အားလုံးတည်ဆောက်ထားပြီးပါပြီ။ ဟိုဘက်မှာလည်း ကျနော်တို့ ဒေါက်တာဆာဆာလည်းရှိတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့လည်း ရှိတယ်။ ကျနော်တို့ နိုင်ငံတကာဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့လည်း ကိုထိန်လင်းအောင်တို့တွေကို ကြိုတင်ပြီးခန့်ထားတာ ရှိတယ်။ ဒါကြောင့်မို့ နိုင်ငံတကာမှာ ရှိနေတဲ့ သံအမတ်တွေနဲ့ ထိစပ်မှုကိုလည်း အားလုံးကဆောင်ရွက်ထားပြီးသားပါ။ ခုခေတ္တ နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူမယ့် ဒေါ်ဇင်မာအောင်က အဲ့ဒါတွေက နဂိုတည်းက ကြိုတင်ဆောင်ရွက်ထားပြီးသား ဖြစ်တဲ့အတွက် ဒီချိတ်ဆက်ဆောင်ရွက်မှုက သိပ်မကြာခင်မှာ ပီပီပြင်ပြင် အကောင်အထည်ပေါ်လာမှာပါ။

VOM: CDM ထဲမှာ သိပ်မပါသေးတဲ့ ရဲနဲ့စစ်တပ်တွေကိုရော ဘာများမေတ္တာရပ်ခံချင်တာ ရှိမလဲ။
ULKL: အဓိကတော့ ရဲတွေနဲ့ တပ်မတော်သားတွေအနေနဲ့က အမြင်ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ရှိဖို့လိုတယ်။ လက်ရှိနိုင်ငံတော်ကနေပြီးတော့သာလျှင် ဒီ ရဲနဲ့ ပြည်သူကို ကျနော်တို့က တာဝန်တွေ ပေးထားတယ်။ ဒီလုပ်ပိုင်ခွင့်တွေ အခွင့်အရေးတွေ အားလုံးကို‌ပေးထားတယ်။ အဲ့ဒါသည် နိုင်ငံတော်နဲ့ ပြည်သူက ပေးတယ်ဆိုတာကို သိဖို့လိုတယ်။ ခုလို နိုင်ငံတော်နဲ့ပြည်သူက သူတို့ရဲ့ဆန္ဒကို ပြတ်ပြတ်သားသား ဖော်ပြနေတဲ့ နစကကောင်စီကို အသိအမှတ်မပြုဘူးဆိုတာ။ အဲ့တော့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့က ရဲအရာရှိတွေအားလုံးဟာ ပြည်သူနဲ့အမြန်ဆုံး ပူးပေါင်းဆောင်ရွက်ဖို့လိုပါမယ်။ ဒီဥစ္စာဟာ သမိုင်းတခုအတွက်လည်း အဆုံးအဖြတ်ဖြစ်သလို တပ်မတော်သားတွေနဲ့ ရဲတွေက မြန်မာနိုင်ငံရဲ့ အနာဂတ်သမိုင်းကို ပုံဖော်တဲ့နေရာမှာလည်း ကျနော်တို့ ဒီ အစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။ အဲ့ဟာလေးပဲ ကျနော် ပြတ်ပြတ်သားသားပြောလိုပါတယ်။

VOM: မနေ့တုန်းက အကိုတို့ကလည်း မတရားအသင်းအဖြစ် တဖက် နစကကို ကြေညာလိုက်ပြီဆိုတော့ တဖက်က ပြန်ပြီးတော့ လုပ်လာနိုင်တဲ့အတွက်ကိုရော ဘာတွေပြင်ဆင်ထားလဲဗျ။
ULKL: ကျနော်တို့ဘက်ကတော့ ပြင်ဆင်စရာရှိတာတွေလည်း ပြင်ဆင်ထားပြီးသားပါ။ ဒါတွေကတော့ လုပ်ငန်းတွေလုပ်ရင်း သိကြရမှာပေါ့ဗျာ နော်။

#VoiceOfMyanmar #VOM #NLD #အစိုးရဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW