တောင်ငူသပိတ်စစ်ကြောင်းကို တပ်နဲ့ရဲက လိုက်လံဖြိုခွဲဖို့ ကြိုးပမ်းလို့ လူစုခွဲခဲ့ရ

မတ် ၂-၃-၂၀၂၁
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း တောင်ငူမြို့နယ်က အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို ဒီနေ့ မတ်လ ၂ရက်နေ့ မနက် ၉ နာရီကျော်မှာ တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက နောက်ကလိုက်လံပြီး အကြမ်းဖက်ဖြိုခွဲဖို့ ကြိုးစားလာတာကြောင့် နာရီဝက်အကြာမှာ လူစုပြန်ခွဲခဲ့ရတယ်လို့ ဦးဆောင်သူလူငယ်အချို့ဆီကနေ သိရပါတယ်။

“ပညာရေးအဖွဲ့နဲ့ ကျောင်းသားလူငယ်တွေ၊ ဒေသခံတွေဟာ လုံခြုံရေးတင်းကြပ်နေတဲ့ကြားက လမ်းပေါ် တက်လာကြတာပါ။ တပ်နဲ့ရဲတွေက ရေကားတွေနဲ့ တပ်ဖွဲ့ဝင်တွေနဲ့ နောက်ကလိုက်ပြီးဖြိုခွင်းဖို့ ကြိုးပမ်းလာတာ‌ကြောင့် သိပ်မကြာခင်လူစုခွဲလိုက်ရတယ်” လို့ ဆန္ဒပြရာမှာပါတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

ဒီနေ့ မနက် ၈ နာရီခန့်က သပိတ်စစ်ကြောင်းကြီး နှစ်ခုဟာ ‌သီးခြားတစ်နေရာစီ လူစုခဲ့ကြပြီး ကိုးနာရီကျော်ခန့်မှာ ကျောင်းသားတွေနေရာကို တပ်နဲ့ရဲကလာဝိုင်းခဲ့တာကြောင့် နောက်ဘက်အပေါက်ကနေ စနစ်တကျ ဆုတ်ခွာပြီး ကျန်တဲ့ ဆရာဆရာမတွေရှိတဲ့ စစ်ကြောင်းနဲ့ပေါင်းကာ လမ်းပေါ်ထွက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ဆရာဆရာမတွေ ကျောင်းသားတွေနဲ့လူငယ်တွေ လမ်းပေါ်ထွက်လာချိန် ဒေသခံပြည်သူတွေက ထပ်မံပေါင်းစည်းဝန်းရံခဲ့တာကြောင့် လူဦးရေတစ်သောင်းနီးပါး ဖြစ်လာပေမယ့် တပ်နဲ့ရဲက နောက်က လိုက်လံဖိအားပေးပြီး အကြမ်းဖက်ဖြိုခွဲဖို့ကြိုးပမ်းလာ‌တာကြောင့် ဘုရားလမ်း ကန်လမ်း နံပါတ် ၆ လမ်းနဲ့ နံပါတ်တစ်လမ်းပေါ်ပတ်ပြီးချိန် မူလစုရပ်နေရာမဟုတ်တဲ့ သာသနာ့ဗိမ္မာန်အနီးမှာ အေးချမ်းစွာလူစုခွဲလိုက်ရပါတယ်။

တောင်ငူမြို့ အာဏာရှင် ဆန့်ကျင်‌ရေးသပိတ်စစ်ကြောင်းတွေကို ဖေဖော်ဝါရီ ၂၈ ရက်နေ့က စတင်ပြီး တပ်နဲ့ရဲက အကြမ်းဖက်ဖြိုခွဲတာတွေ စလုပ်လာတာဖြစ်ပြီး ဆန္ဒဖော်ထုတ်သူဦးရေ သိန်းဂဏန်းခန့်ကနေ သောင်းဂဏန်းအထိ လျော့နည်းကျဆင်းလာပေမယ့် လူငယ်အချို့ကတော့ ဆက်လက်ဆန္ဒပြနေတယ်လို့ သိရပါတယ်။

ဒီနေ့မနက်က စတင်ပြီး တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ ရာဂဏန်းအထိ မြင့်တက်လာတဲ့အပြင် လူစည်ကားရာ လမ်းဆုံလမ်းခွ‌တွေမှာ တပ်မတော်သားတွေအုပ်စုလိုက် နေရာယူထားကြပြီး လက်ရှိအချိန်ထိ ဆန္ဒပြသူတွေထဲက ဖမ်းဆီးထိန်းသိမ်းခံရသူ မရှိသေးကြောင်း မြို့ခံတွေဆီကနေ သိရပါတယ်။

#VoiceOfMyanmar #VOM #တောင်ငူသပိတ်စစ်ကြောင်း #လူစုခွဲ

Related posts

Leave a Comment

VOM News

FREE
VIEW