ဆန္ဒပြပွဲ ဖမ်းဆီးခံရသူတချို့နဲ့ ဆက်သွယ်မရလို့ မိသားစုတွေစိုးရိမ်နေ

မတ် ၃-၂၀၂၁
KKT

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ကအင်အားသုံး ဖမ်းဆီးရာမှာ ဖမ်းဆီးခံရသူတချို့နဲ့ အဆက်အသွယ်မရတဲ့အပြင် ဘယ်မှာ ဖမ်းဆီးထားမှန်းမသိတဲ့အတွက် စိုးရိမ်ရတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

ဒီနေ့ မတ်လ ၃ရက်နေ့အထိ စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ကအင်အားသုံးပြီး မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ဖြိုခွင်းဖမ်းဆီးတာတွေ၊ ဆန္ဒပြပွဲအတွင်း အသွင်ယူဖမ်းဆီးတာတွေ၊ ဆန္ဒပြပွဲမှာ မပါဝင်သူတွေကိုပါ လိုက်လံဖမ်းဆီးတဲ့အတွက် လူ ၁၀၀ နီးပါး ဖမ်းဆီးခံထားရပါတယ်။

“သားက လ္ဘက်ရည်ဆိုင်မှာ အဖမ်းခံရတယ်။ သူဘယ်မှာရှိနေလဲ အခုထိမသိရဘူး။ တောင်ကလေးအကျဉ်းထောင် လိုက်တယ်။ မရှိဘူးပြောတယ်။ ရဲစခန်းလိုက်တယ်.မရှိဘူး ပြောတယ်။ အချုပ်ကားထဲမှာ ပါမလာဘူး။ ဘယ်မှာရှိလို့ ရှိနေမှန်းမသိရဘူး။ စိုးရိမ်တယ်” လို့ ဖမ်းခံရသူတဦးက မိသားစုဝင်တဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်တရက်တည်းမှာ လူ ၈၀ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည့်တဲ့ လူငယ် ၁၅ ဦးကို မတ်လ ၁ ရက်နေ့က အာမခံနဲ့ပြန်လွှတ်ပေးခဲ့သလို ကျန် ၆၅ ဦးကိုတော့ ချုပ်ရမန်ရယူပြီး မတ်လ ၁၀ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးသွားမယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရလို့ ပြန်လည်လွတ်မြောက်လာသူ ကျောင်းသူတစ်ဦးက အသက်မပြည့်လို့ ပြန်လည်လွတ်မြောက်လာပေမယ့် ကျန်ရစ်ခဲ့တဲ့သူတွေအတွက် စိတ်မကောင်းဖြစ်ပြီး အမြန်ဆုံးပြန်လွတ်စေချင်တယ်လို့ ပြောပါတယ်။

ဘားအံမြို့မှာ ဖေဖော်ဝါရီ ၃ ရက်နေ့ကနေ ဒီကနေ့အထိ စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီး ကမ်ပိန်း၊ စတေကာကမ်ပိန်းနဲ့ ဆန္ဒပြသူတွေ၊ CDM မှာ ပါအဝင်တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေအပါအဝင် လူ ၁၀၀ နီးပါး ဖမ်းဆီးခံထားရပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုခံထားရသူတွေလည်း ရှိပါတယ်။

#VoiceOfMyanmar #VOM #ဖမ်းခံထားရသူများ #မိသားစုတွေစိုးရိမ် #ဘားအံ

Related posts

Leave a Comment

VOM News

FREE
VIEW