မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မနက်ဖြန်ဆွေးနွေးမယ်

နယူးယောက်၊ မတ်-၄-၂၀၂၁

မျိုးဆက် (VOM)

 

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ပြန်လည်ရရှိရေးအတွက် အလွန်ပြင်းထန်တဲ့ အစီအမံတွေနဲ့ အရေးယူဆောင်ရွက်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Schraner Burgener ကနိုင်ငံတကာ အသိုင်းအ၀ိုင်းကို တိုက်တွန်းလိုက်ပါတယ်။

 

ဆန္ဒပြသူတွေကို မြန်မာစစ်တပ်နဲ့ ရဲတို့က ဖြိုးခွင်းမှုတွေပြုလုပ်နေချိန်မှာဘဲ မနေ့တော့ လူ ၃၈ ဦးထိသေဆုံးခဲ့ကာ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် အသေအပျောက် အများဆုံးနေ့ဖြစ်ပါတယ်။

 

လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး Schraner Burgener က ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီမှာ မနက်ဖြန်ဆွေးနွေး တင်ပြသွားမှာဖြစ်ပါတယ်။

 

Schraner Burgener ဟာ မြန်မာစစ်တပ်ထိန်းတန်းခေါင်းဆောင် ဒုတိယကာကွယ်ရေးဦးစီးချုပ်စိုး၀င်းနဲ့ ဆက်သွယ်ဆွေးနွေးရာမှာတော့ မြန်မာစစ်တပ်အနေနဲ့ အာဏာသိမ်းခဲ့တာကြောင့် နိုင်ငံအချို့ရဲ့ ပြင်းထန်တဲ့ အရေးယူမှုတွေနဲ့ အထီးကျန်နိုင်ငံဖြစ်လာနိုင်တယ်လို့ သတိပေးပြောဆိုခဲ့တယ်လို့ သူကဆိုပါတယ်။

 

ဒါပေမယ့် ဒုတိယကာကွယ်ရေးဦးစီးချုပ်စိုး၀င်းက မိမိတို့ဟာ အရေးယူပိတ်ဆို့တွေခံရလေ့ရှိပြီး ရှင်သန်နိုင်ခဲ့ကြောင်း၊ အထီးကျန်နိုင်ငံမဖြစ်ရေးနဲ့ပတ်သက်ပြီး မိတ်ဆွေနိုင်ငံအနည်းငယ်နဲ့အတူ ဆက်လက်လက်တွဲသွားမယ်လို့ ပြန်လည်ဖြေကြားခဲ့တယ်လို့ Schraner Burgener က နယူးယောက်မှာ သတင်းထောက်တွေကိုပြောပါတယ်။

 

အမေရိကန်၊ ဗြိတိန်၊ ကေနဒါ၊ အီးယူအပါအ၀င် အနောက်နိုင်ငံတွေကတော့ မြန်မာစစ်ဘက်အပြင် ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် အရေးယူပိတ်ဆို့မှုတွေပြုလုပ်ခဲ့ပြီး နောက်ထပ် အရေးယူဖို့ကိုလည်း စဉ်းစားနေပါတယ်။

 

အဖွဲ့၀င်  ၁၅ နိုင်ငံပါ၀င်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံမှာ တစ်နှစ်ကြာအရေးပေါ်အခြေအနေကြေညာတာနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ထားပေမယ့်လည်း ဒါဟာမြန်မာ့ပြည်တွင်းရေးလို့ ရှုမြင်ထားတဲ့ တရုတ်နဲ့ ရုရှားတို့ရဲ့ ကန့်ကွက်မှုကြောင့် အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချနိုင်ခြင်းမရှိခဲ့ပါဘူး။

ဒါဟာ မြန်မာ့ပြည်တွင်းရေးသက်သက်မဟုတ်ပါဘူး။ ဒေသတွင်းတည်ငြိမ်ရေးကိုပါ ထိခိုက်လာနိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Schraner Burgener က တရုတ်နဲ့ရုရှားတို့ရဲ့ ပြောဆိုမှုကို တုန့်ပြန်ပြောဆိုပါတယ်။

 

Ref: Nikkei Asia

Photo-UN.org

#voiceofmyanmar #VOM #UN #လုံခြုံရေးကောင်စီ

Related posts

Leave a Comment

VOM News

FREE
VIEW