ပင်လည်ဘူးမြို့နယ်က ထွေအုပ်ဝန်ထမ်း ၁၄ ဦး CDM လုပ်ပြီး သပိတ်စစ်ကြောင်းမှာပူးပေါင်း

မတ် ၊ ၅ ၊ ၂၀၂၁

Voice Of Myanmar

စစ်ကိုင်းတိုင်း ကောလင်းခရိုင် ပင်လည်ဘူးမြို့နယ်က အထွေထွေအုပ်ချုပ်ရေးဌာနက ဝန်ထမ်း ၁၄ ယောက်ဟာ CDM လှုပ်ရှားမှုမှာ ပါဝင်လာပြီးနောက် ဒီကနေ့ ဆန္ဓပြ စစ်ကြောင်းမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ဆန္ဒပြ သပိတ်မှောက် ကြွေးကြော်ရာမှာ ပါဝင်တဲ့ ထွေအုပ် ဝန်ထမ်းတစ်ယောက်က

” မြို့နယ်ရုံးက အငယ်တန်းစာရေး ၆ ယောက်၊ ယာဥ်မောင်း ၁ ယောက်နဲ့ ရပ်ကျေး အငယ်တန်း စာရေး ၇ ယောက် အားလုံး ၁၄ ယောက် CDM လုပ်ထားတယ် “လို့ ပြောပါတယ်။

ပင်လည်ဘူးမြို့ဟာ မြို့ပေါ် လူနေရပ်ကွက် ၂ ရပ်ကွက် နဲ့ ကျေးရွာအုပ်စု ၅၄ အုပ်စု ရှိတဲ့ မြို့ဖြစ်ပါတယ်။  ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နောက်ပိုင်းကစလို့ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ရုံးစိုက်ရာ မုံရွာမြို့မှာ မြို့ပြလူနေရပ်ကွက် ၃၁ ရပ်ကွက်အနက် ၂၉ ရပ်ကွက်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဟာ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ အောက်ခြေအဆင့် အုပ်အုပ်ချုပ် ယန္တရား ပျက်လုနီးပါးဖြစ်နေတယ်လို့ သိရပါတယ်။

အဲ့ဒီ ကိစ္စနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို VOM ကဆက်သွယ်ခဲ့ပေမယ့် အကြောင်း တစုံတရာ ပြန်လည်ပြောဆို ဖြေကြားတာတော့ မရှိခဲ့ပါဘူး။

#voiceofmyanmar #VOM #ပင်လည်ဘူး

Related posts

Leave a Comment

VOM News

FREE
VIEW