အမေရိကန်ဘဏ်မှ ဒေါ်လာတစ်ဘီလီယံထုတ်ယူဖို့ မြန်မာစစ်တပ်ကြိုးစားမှု အမေရိကန်အစိုးရတားဆီး

ဝါရှင်တန်၊ မတ်-၅-၂၀၂၁
မျိုးဆက် (VOM)

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ရက်အနည်းငယ်အကြာမှာ အမေရိကန်နိုင်ငံ နယူးယောက်မှာရှိတဲ့ Federal Reserve ဘဏ်မှာ မြန်မာနိုင်ငံက အပ်ထားတဲ့ ဒေါ်လာ တစ်ဘီလီယံကို မြန်မာစစ်တပ်တာဝန်ရှိသူတွေက ထုတ်ယူဖို့ ကြိုးစားတာကို အမေရိကန်အစိုးရက တားဆီးနိုင်ခဲ့တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးအပါအဝင် ဒီကိစ္စကိုသိရှိတဲ့ သတင်းရင်းမြစ် သုံးဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

မြန်မာနိုင်ငံ ဗဟိုဘဏ်တာဝန်ရှိသူ အမည်သုံးပြီး ဒီလိုငွေထုတ်ယူဖို့ကြိုးစားမှုဟာ ဖေဖော်ဝါရီ ၄ ရက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီကိစ္စကို အမေရိကန်ဘက်က တားဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။

ငွေထုတ်ယူဖို့ကြိုးစားတဲ့ အကောင့်အမည်တွေကိုတော့ အမေရိကန်ဘက်က ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်ဘဏ္ဍာရေးဌာနကလည်း မှတ်ချက်တာမျိုးမရှိသေးပါဘူး။

မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးနောက် ဗဟိုဘဏ်ဥက္ကဌသစ်ကို ခန့်အပ်လိုက်ပြီး ယခင်ကဗဟိုဘဏ်ကို တာဝန်ယူခဲ့တဲ့ထိပ်တန်းအရာရှိတွေကို ဖမ်းဆီးထိမ်းလိုက်ပြီးနောက် အမေရိကန်က ငွေတွေကို ထုတ်ယူဖို့ ကြိုးစားမှု ပေါ်ထွက်လာတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို မှတ်ချက်ပေးဖို့ ရိုက်တာသတင်းဌာနက အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် ဖြေကြားခြင်းမရှိသလို လက်ရှိဗဟိုဘဏ်တာဝန်ရှိသူတွေနဲ့လည်း ရိုက်တာက ဆက်သွယ်လို့မရသေးပါဘူး။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုးခွင်းတာတွေနဲ့ပတ်သက်ပြီး အမေရိကန်၊ ကနေဒါ၊ အီးယူနဲ့ ဗြိတိန်တို့က နောက်ထပ်အရေးယူပိတ်ဆို့မှုတွေကို ကြေညာထားပါတယ်။

Ref : Reuters
Photo: Rappler
#VoiceOfMyanmar #VOM #ဒေါ်လာတစ်ဘီလီယံထုတ်ယူ #အမေရိကန်အစိုးရတားဆီး

Related posts

Leave a Comment

VOM News

FREE
VIEW