၅၀၅(ခ) နဲ့ တရားစွဲခံရတဲ့ ရခိုင်ကျောင်းသားတွေ ပုဒ်မ (၁) ခုထပ်တိုး

မတ် ၆-၂၀၂၁
ထက်အောင်စိုင်း(VOM)

ရခိုင်ပြည်နယ်အတွင်း အစိုးရနဲ့ စစ်တပ်ရဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေကို မနေ့ မတ်လ ၅ ရက်နေ့က ရုံးထုတ်ခဲ့ပြီး သဘာဝဘေးဘေးစီးမံဥပဒေပုဒ်မ (၂၉) နဲ့ ထပ်တိုး အမှုဖွင့် လိုက်ပါတယ်။

ရခိုင်ကျောင်းသား သမဂ္ဂက ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဖက်ပြန်ကြားရေး ကိုဦးသန်းနိုင်တို့ကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲထားကာ ကျောက်ဖြူပညာရေးကောလိပ် ကျောင်းသားသမဂ္ဂက တွဲဘက်အတွင်းရေးမှူး ကိုမြတ်စိုးဝင်းနဲ့ ရန်ကုန်မြို့ ဒဂုံတက္ကသိုလ် ရခိုင်ကျောင်းသားသမဂ္ဂက ကိုကောင်းထွန်းတို့ကို မူလက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) တို့နဲ့ တရားစွဲဆိုထားရာ လက်ရှိမှာ ဘေးစီမံ ပုဒ်မ ၂၉ နဲ့ ထပ်ပြီး အမှုဖွင့်ခံရတာကြောင့် သူတို့ (၄) ဦးအနေနဲ့ ယင်းအမှုကို ထပ်တိုးရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂ (စစ်တွေတက္ကသိုလ်) က ဥက္ကဌ ကိုတိုးတိုးအောင်ကိုတော့ မူလက တရားစွဲတင်ထားတဲ့အတိုင်း ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ စစ်တွေတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး သူ့ကိုတော့ ပုဒ်မထပ်တိုးတာမရှိခဲ့ပါဘူး။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ကိုတိုးတိုးအောင်က ” အခုထောင်ထဲမှာရှိနေတဲ့ ကျနော်တို့ရဲဘော်တွေကိုတော့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၉ နဲ့ ထပ်ပြီး အမှုဖွင့်တယ်။ ကျနော့်ကိုတော့ ထပ်တိုးအမှုဖွင့်တာ မရှိပါဘူး။ လူတစ်ဦးအပေါ်မှာ အမှု (၃) ခုထိ တက်ပြီး စွဲတာဆိုတော့ ကြားလို့မကောင်းဘူးလို့ထင်တယ်။ ကျနော်တို့ကတော့ ဒီအမှုတွေကို ရှေ့နေတွေနဲ့ အကောင်းဆုံး ချေပသွားမှာ ဖြစ်ပါတယ်။ ဒီဟာတွေနဲ့ပတ်သက်ပြီး ကျနော်တို့က တရားခွင်မှာပဲ ရင်ဆိုင်သွားပါမယ်။ ” လို့ ပြောပါတယ်။

ရခိုင်ပြည်ကျောင်းသား သမဂ္ဂရဲ့ ရှေ့ဆက်ဘယ်လိုလုပ်ဆောင်ဖို့ ရှိတယ်ဆိုတဲ့အပေါ်မှာလည်း လောလောဆယ် မပြောနိုင်သေးကြောင်း ကိုတိုးတိုးအောင်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့က ရခိုင်ပြည်နယ်အစိုးရရုံးရှေ့မှာ 4 G အင်တာနက်ပြန်ဖွင့်ပေးရေး၊ No Bloody Government၊ No Murder Army၊ ပြည်နယ်အစိုးရ အယုံအကြည်မရှိ” စတဲ့ ဆောင်ဘုတ်တွေနဲ့ ဆန္ဒပြခဲ့တာကြောင့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ကိုတိုးတိုးအောင်၊ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးနဲ့ ဦးသန်းနိုင်တို့ကို ပုဒ်မ ၁၉ နဲ့ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးက အမှုဖွင့် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်အရေးဆန္ဒပြတဲ့ ကိစ္စနဲ့ ဆက်စပ်ပြီး ဖမ်းဆီးတရားစွဲဆိုခံခဲ့ရတဲ့ ကျောင်းသား (၄) ဦးကိုတော့ တစ်ကြိမ်တစ်ခါမှ ရုံးထုတ်စစ်ဆေးခဲ့တာ မရှိသေးပဲ သူတို့ အားလုံးဟာ စစ်တွေအကျဉ်းထောင်အတွင်းမှာ ဖမ်းဆီးခံထားရတာ ၆ လ လောက်ရှိပြီလို့ သိရပါတယ်။

အောက်တိုဘာ ၅ ရက်နေ့က ဖမ်းဆီးခံရတဲ့ ကျောင်းသား (၄) ဦးရဲ့ အမှုတွဲထဲမှာ ကိုကျော်နိုင်ဌေးနဲ့ ကိုဦးသန်းနိုင်တို့ ထပ်ပြီးပါဝင်နေပြီး သူတို့ဟာ လက်ရှိမှာ ငြိမ်းစုစီ ပုဒ်မအပါအဝင် အမှု(၃) ခုရင်ဆိုင်နေရပြီး နိုင်ငံတော် အကြည်အညိုပျက်စေမှုနဲ့ပါ တရားစွဲဆိုခံထားရသူတွေဖြစ်ပါတယ်။

ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုရာမှာ တရားလိုက စစ်တွေမြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်ဖြစ်ကာ မနေ့က ဘေးစီမံ ပုဒ်မ ၂၉ နဲ့ အမှုဖွင့်တဲ့ တရားလိုကတော့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနက ဒုတိယဦးစီး ဦးအောင်ဇံဝေဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဟာ အမှန်တကယ် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် (၂) နှစ်အထိချမှတ်နိုင်ပြီး မနေ့က ထပ်တိုးတဲ့ ဘေးစီမံ ပုဒ်မ ၂၉ က တော့ ထောင်ဒဏ် (၁) အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရပါတယ်။

#voiceofmyanmar #vom #ရခိုင်ကျောင်းသား #ရခိုင်

Related posts

Leave a Comment

VOM News

FREE
VIEW