နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)တွေကို ထုတ်ချေးထားတဲ့ နှစ်လစာချေးငွေ ပြန်ဆပ်ဖို့မလိုတော့

ရန်ကုန်-မတ်-၈-၂၀၂၁
ကျော်သူမြင့်

 

NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်၊အောက်တိုဘာလက နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း) တွေကို အတိုးမဲ့ကြိုတင်ထုတ်ချေးထားတဲ့ နှစ်လစာချေးငွေတွေဟာ ပြန်ဆပ်ရန်မလိုတဲ့ ချေးငွေအဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ခန့်တဲ့ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန၊ ခေ တ္တပြည်ထောင်စုဝန်ကြီး၊ ဦးတင်ထွန်းနိုင်က ဒီကနေ့ မတ်လ ၈ ရက်ရက်စွဲနဲ့ လက်မှတ်ရေးထိုး ကြေညာခဲ့ပါတယ်။

 

“ကျွန်မတို့က CDM လှုပ်ရှားမှုမှာ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်တိုက်ပွဲဝင်နေကြတာဖြစ်တဲ့အတွက် ဒီကြေညာချက်ကိုသဘောတူလက်ခံတယ် ကျွန်မတို့ပြန်ဆပ်လိုက်တဲ့ပိုက်ဆံက အာဏာကိုမတရားရယူထားတဲ့ စစ်အစိုးရလက်ထဲကို အရောက်မခံနိုင်ဘူး အရပ်သားအစိုးရလက်ထဲကိုအာဏာပြန်ရရင် ကျွန်မတို့ချေးထားတဲ့ နှစ်လစာကိုပြန်ဆပ်ပါလို့ပြောရင် ကျေကျေနပ်နပ်ကြီးပြန်ဆပ်လိုက်မယ် အခုစစ်အစိုးရကိုတော့မဆပ်နိုင်ဘူး အခုပြည်ထောင်စုဝန်ကြီးက ကြေညာသလို ချီးမြှင့်ငွေအဖြစ်သတ်မှတ်တဲ့အပေါ်မှာလက်ခံတယ် ကြိုဆိုတယ်”လို့ CDM လှုပ်ရှားမှုမှာ ပါတဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်းအမျိုးသမီးတစ်ဦးက သူ့သဘောထားကို ပြောပါတယ်။

CDM လှုပ်ရှားမှုမှာမပါတဲ့ အကောက်ခွန်ဦးစီးဌာန အကြီးတန်းအရာရှိတစ်ဦးကတော့

 

“ကျွန်တော်တို့အမြင်ကတော့ အဲ့လိုချေးငွေကိုပြန်မဆပ်ဖို့ ချီးမြှင့်ငွေအဖြစ်သတ်မှတ်တယ်တို့ဆိုတာက တခြားဝန်ထမ်းတွေ CDM မှာပါဝင်ကြဖို့စည်းရုံးနေတယ်လို့မြင်တယ်၊ ဘယ်အစိုးရပဲတက်တက် ဘယ်အစိုးရကပဲနိုင်ငံတော်အာဏာကိုသိမ်းယူနေပါစေ ကျွန်တော်တို့နိုင်ငံ့ဝန်ထမ်းတွေကတော့ ကိုလုပ်ရမဲ့လုပ်ငန်းတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ဖို့က အဓိကတာဝန်ပါ ကျွန်တော်တို့လုပ်ငန်းတာဝန်ကိုကျေပွန်အောင်ထမ်းဆောင်နေရင် ကျွန်တော်တို့အတွက်ချီးမြှင့်မှုတွေကတော့ရှိနေမှာပါ။ အခုလိုကြေညာချက်ထုတ်လိုက်တာက တခြားဝန်ထမ်းတွေရဲ့ စိတ်မှာ သို့လောသို့လောတွေဖြစ်ပေါ်လာနိုင်တယ်” လို့ ဆိုပါတယ်။

 

NLD အစိုးရလက်ထက်က နိုင်ငံ့ဝန်ထမ်း(အ မြဲတမ်း)တွေကို Covid-19 ရောဂါကြောင့် ဖြစ်ပေါ်တဲ့ သက်ရောက်မှုတွေ ကုစားနိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ်၊အောက်တိုဘာလမှာ လစာနှစ်လစာကြိုတင်ထုတ်ပေခဲ့ပြီး အတိုးမဲ့ချေး ငွေအဖြစ် ဆိုင်းငံ့ကာလ ခြောက်လနဲ့ ပြန်ဆပ်ကာလ တစ်နှစ်သတ်မှတ်ပြီး ထုတ်ချေးပေးခဲ့တာဖြစ်ပါတယ်။

 

ထုတ်ချေးထားတဲ့ ဆိုင်းငံ့ကာဟာ ၂၀၂၁ ခုနှစ်၊ ဧပြီ ၁ ရက်နေ့မှာ ပြည့်တော့မှာမို့ မြန်မာနိုင်ငံမှာ Covid-19 ရောဂါ ဆက် လက်ဖြစ်ပွားနေတာအပြင် တပ်မတော်ကနိုင်ငံတော်အာဏာကို သိမ်းယူခဲ့လို့ နိုင်ငံဝန်ထမ်းတွေ သက်သာချောင်ချိရေးအတွက် ဒီချေးငွေတွေကို ပြည်ဆပ်ရန်မလိုတဲ့ ချီးမြှင့်ငွေအဖြစ်သတ်မှတ်ရခြင်းဖြစ်ကြောင်း CRPH ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

 

#voiceofmyanmar #VOM #CRPH #ဝန်ထမ်းချေးငွေပြန်ဆပ်ရန်မလို

Related posts

Leave a Comment

VOM News

FREE
VIEW