ကြွက်မနိုင်ကျီမီးနဲ့ရှို့ခြင်းလော (သို့) ဒီမိုကရေစီ ဆိတ်သုဉ်းခြင်းလမ်းစလော

(အယ်ဒီတာအာဘော်)

မတ်လ-၉ရက်-၂၀၂၁

 

ဖေဖေါ်ဝါရီ ၁ရက်နေ့မနက်က အာဏာထိန်းတယ်လို့ပြောပြီးနောက် ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ ပြည်သူလိုချင်တဲ့ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်မယ်လို့ ကြွေးကြော်ပြီး  ဒီမိုကရေစီရဲ့ အုတ်မြစ်ဖြစ်တဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို  မတ်လ ၈ ရက်က စတင်ဖျက်စီးလိုက်ပါတယ်။

 

စတက်လာကတည်းက အာဏာသိမ်းတယ်လို့မရေးဖို့ တရားဝင်အသိပေးသလို ခြိမ်းခြောက်သလိုတွေ လုပ်လာပြီးနောက် သတင်းမီဒီယာ ၅ခုကို  ထုတ်လွှင့်ခွင့်၊ ထုတ်ဝေခွင့်တွေ ဆိုင်းမပျိုး ပတ်မပျိုးဘဲ ဘီလူးဆိုင်းတီးပြီး ဘီလူးက ကပြလိုက်တာဟာ  မြန်မာ့ဒီမိုကရေစီရေးအတွက် အတော်ကို စိတ်ပျက်စရာ အနေအထားဖြစ်သွားပါတယ်။

 

ဒီမိုကရေစီနိုင်ငံလို့ပြောရင် ဘာပေတံနဲ့အရင်တိုင်းရမလဲဆိုရင် လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားဖေါ်ထုတ်ခွင့်စတဲ့ ပေတံနဲ့ အရင်တိုင်းကြတာ နစအ ကောင်စီလူကြီးတွေ မသိမဟုတ်ပါဘူး။ မေးခွန်းထုတ်ရင် ဒီနေ့ ဒီမိုကရေစီနိုင်ငံဆိုတဲ့ နိုင်ငံကြီးတွေမှာလည်း သတင်းကန့်သတ်တာ ထိန်းချုပ်တာတွေရှိနေတာပါပဲ ဆိုတဲ့စကားလုံးပဲထွက်လာမယ်ဆိုတာ မျှော်လင့်ပြီးသားပါ။  ဒီမိုကရေစီနိုင်ငံကြီးတွေမှာ ထိန်းချုပ်မှုတချို့ရှိကောင်းရှိနိုင်ပေမယ့် လွတ်လပ်စွာဝေဖန်၊ပြောဆိုခွင့်က မည်သူ့ကိုမဆို ရေးသားပြောဆိုလို့ရတာ အားလုံးသိပြီးဖြစ်မှာပါ။

 

 

နစအကောင်စီက အခြေခံဥပဒေနဲ့အညီ အုပ်ချုပ်မယ်ဆိုလို့ အခြေခံဥပဒေပါ လွတ်လပ်ခွင့်တွေကို လေးစားလိုက်နာမလားဆိုတဲ့ အထင်ဟာ တက်တက်စင်အောင်မှားသွားခဲ့ပါတယ်။  ဒီမိုကရေစီနိုင်ငံဆိုတာ ခုရေတွင်းတူး ခုရေကြည်သောက်လို့ မရနိုင်သလို ချက်ချင်း အာလာဒင်မီးခွက်စောင့်နတ်ကို ဆုတောင်းလို့ ဝုန်းကနဲပေါ်လာတာ မဟုတ်တာမို့ အချိန်ယူရမယ်ဆိုတာ သဘောပေါက်နားလည်ထားပါတယ်။

 

ဒီလိုပါဘဲ ကျနော်တို့ သတင်းလွတ်လပ်ခွင့်ဟာ လွတ်လပ်ရေးရပြီးကတည်းက လွတ်လပ်ရေးသာရတယ် မယ်မယ်ရရ သတင်းစာလွတ်လပ်ခွင့်က မရခဲ့ဖူးသေးပါဘူး။ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ သတင်းစာပညာကို အချိန်ယူပြီး ပြုစုပျိုးထောင်နေရချိန် ဒီမိုကရေစီ အဆို့အညှောင့်လေးထွက်မလို့ရှိသေးချိန် နစအ ကောင်စီတက်တဲ့ ၅ပတ်ကျော်အတွင်းမှာ ရေသောက်မြစ်ပါ ဖြတ်ခံရသလို ဖြစ်သွားခဲ့ပါတယ်။

 

ဒီအချိန်ဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းလို့ကမ္ဘာ့အလယ်မှာ မြန်မာ့အရေးဟာ ဆူညံပွက်လောရိုက်နေချိန် သတင်းမီဒီယာတွေကို ဖမ်းဆီးတရားစွဲဆိုတာ၊ စည်းလွတ်ဝါးလွတ် ပိတ်သိမ်းလိုက်တာဟာ ပိုပြီးတော့ အရှက်ရစရာဖြစ်နေပါတယ်။

 

လွတ်လပ်မျှတ ကျင့်ဝတ်လိုက်နာတဲ့ သတင်းမီဒီယာတွေကို ပြည်သူနဲ့အစိုးရကြားမှာ ပေါင်းကူးတံတားအဖြစ်ရပ်တည်လာအောင် မလုပ်နိုင်ဘဲ အကြမ်းနည်းသုံးတာဟာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတာမျိုးမလုပ်ဘဲ မဆိုင်တဲ့ အပေါက် ဂလိုင်နဲ့ခေါက်သလို ကြွက်မနိုင် ကျီမီးနဲ့ရှို့သလိုဖြစ်နေတာမို့  ဒီမိုကရေစီ ဆိတ်သုဉ်းတာမျိုးမဖြစ်အောင် သတင်းမီဒီယာလွတ်လပ်ခွင့်ကို ပိုမိုမြှင့်တင်ပြီး လက်ရှိ လုပ်ငန်းရပ်ဆိုင်းဖို့ အမိန့်ထုတ်ခံထားရတဲ့ သတင်းမီဒီယာတွေကို လွတ်လပ်စွာ ပြန်လည်လည်ပတ်ခွင့်ပေးသင့်ပါတယ်။

 

နိုင်ငံတနိုင်ငံရဲ့ စံကိုတိုင်းတဲ့နေရာမှာ သတင်းမီဒီယာလွတ်လပ်ခွင့်ပေတံတချောင်းဟာလည်း အမြဲပါနေတာမို့ သတင်းလွတ်လပ်ခွင့်ပေးတာ  အင်တာနက်ပိတ်ဆို့မှုတွေပြန်ဖွင့်ပေးတာ မျိုးတွေပြန်လုပ်ပြီး ဒီမိုကရေစီဖယ်ဒရယ်စနစ်နဲ့ အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်နေပါတယ်ဆိုတာ အားလုံးယုံအောင်ပြပေးပါလို့ တိုက်တွန်းလိုက်ပါရစေ

 

VOM အယ်ဒီတာအဖွဲ့

#voiceofmyanmar #VOM #အယ်ဒီတာအာဘော်

Related posts

Leave a Comment

VOM News

FREE
VIEW