မူဆယ်မြို့မှာ လူတဦးကို လက်ပစ်ဗုံးတစ်လုံးနဲ့အတူ ဖမ်းမိ

မတ် ၉-၂၀၂၁
Shayi Violin(VOM)

မြန်မာ-တရုတ် နယ်စပ် မူဆယ်မြို့မှာ ဒီနေ့ မတ်လ ၉ ရက်နေ့ မနက် ၉ နာရီခွဲခန့်က ဆိုင်ကယ်ခိုးသူတဦးကို တရုတ်နိုင်ငံထုတ် လက်ပစ်ဗုံးတလုံးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မူဆယ်မြို့ ကမ္ဘောဇဘဏ် ၁ နားက အားကစားပစ္စည်း အရောင်းဆိုင်ရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်တစီးကို ခိုးပြီးထွက်ပြေးလို့ ဒေသခံတွေက လိုက်လံဖမ်းဆီးခဲ့ရာ မူဆယ်ခရိုင် ပြည်သူ့ဆေးရုံရှေ့နားမှာ တယောက်က ထွက်ပြေး လွတ်မြောက်သွားပြီး တယောက်ကိုတော့ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိသူထံကနေ တရုတ်နိုင်ငံထုတ် လက်ပစ်ဗုံးတလုံး၊‌ ခေါက်ဓါးတလက်၊ ဆိုင်ကယ်ခိုးယူရာမှာသုံးတဲ့ သုံးမြောင့်ချွန်ကိရိယာတခုကို တွေ့ရှိခဲ့တာပါ။ဒေသခံပြည်သူတွေက ဖမ်းဆီးရမိသူကို မူဆယ်မြို့မရဲစခန်းမှာ အပ်နှံခဲ့တယ်လို့ သိရပါတယ်။

မူဆယ်မြို့မှာ ဆိုင်ကယ်နဲ့ ကားတွေ ခိုးယူခံနေရတာကြောင့် ဒေသခံတွေက ရပ်ကွက်အလိုက် အလှည့်ကျ လှည့်ပတ်ကာ စောင့်ကြပ်နေကြရလို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မူဆယ် #တရုတ်လုပ်လက်ပစ်ဗုံး #ဖမ်းမိ #ဆိုင်ကယ်ခိုး

Related posts

Leave a Comment

VOM News

FREE
VIEW