ဆယ်ဇင်းကျေးရွာအနီ:က တပ်မတော်စခန်းတခု လက်နက်ကြီးပစ်ခတ်ခံရ

မတ် ၁၁-၂၀၂၁
VOM

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု ဆယ်ဇင်းကျေးရွာအနီးက တပ်မတော် တပ်စခန်းတခု ဒီနေ့ မတ်လ ၁၁ ရက်နေ့ မနက် ၃နာရီလောက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဆယ်ဇင်းရွာသားတွေဆီက သိရပါတယ် ။

အဲ့ဒီ တပ်မတော် တပ်စခန်းဟာ ဆယ်ဇင်းကျေးရွာအနီးက ဝေဟုမ်းမှော်မှာ တည်ရှိတာဖြစ်ပြီး လက်နက်ကြီးသံဆယ်ချက်ထက်မနည်းကြားခဲ့ရသလို သေနတ်သံတွေလည်း မိုးလင်းခါနီးအထိ ကြားနေရတယ်လို့လည်း ရွာသားတွေက ပြောပါတယ်။

“ဒီမနက် သုံးနာရီလောက်က စပြီး လက်နက်ကြီးထုသံတွေ စကြားရတာပဲ ။ သေနတ်သံတွေလည်းဆက်တိုက်ကြားရတယ်။မိုးလင်းခါနီးမနက်ငါးနာရီလောက်ကြမှ သေနတ်သံတွေ မကြားရတော့တာ ” လို့ ရွာသားတဦးက ပြောပါတယ် ။

လက်နက်ကြီးပစ်ခတ်မှုကြောင့် အဲ့ဒီတပ်မတော်တပ်စခန်းက အဆောက်အဦးတခု မီးလောင်ပျက်စီးခဲ့ပြီး သေဆုံးဒဏ်ရာရှိတာတွေတော့မရှိဘူးလို့ အမည်မဖော်လိုတဲ့ဒေသခံရွာသားတဦးက ပြောပါတယ် ။

အဲ့ဒီတပ်မတော်တပ်စခန်းကို ဘယ်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့တယ်ဆိုတာ မသိရသေးပေမယ့် အဲ့ဒီဒေသတဝိုက်မှာတော့ ရှမ်းနီလက်နက်ကိုင်အဖွဲ့နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တို့ လှုပ်ရှားနေကြတာပါ။

ဖေဖော်ဝါရီ ၁ရက်နေ့မှာ တပ်မတော်က အာဏာရယူပြီးနောက် တပ်မတော်နဲ့ KNUတို့ ကရင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ခဲ့တာတွေရှိသလို ကချင်ပြည်နယ်အတွင်း တပ်မတော်နဲ့ KIA တိုက်ပွဲဖြစ်ခဲ့တာ ခုအကြိမ်က ပထမဆုံးဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #KIA တပ်မတော် #တိုက်ပွဲဖြစ် #ဆယ်ဇင်းရွာ

Related posts

Leave a Comment

VOM News

FREE
VIEW