ပဲခူးသပိတ်စစ်ကြောင်းက ဖမ်းဆီးခံလူငယ် ၂၅ ဦး ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံရ

မတ် ၁၂-၂၀၂၁
KLY(VOM)

မနေ့ မတ်လ ၁၁ရက်နေ့ မနက် ၁၀ နာရီကျော်လောက်က ပဲခူးမြို့နယ် ရွှေမော်ဓောဘုရားလမ်း သပိတ်စစ်ကြောင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ မိန်းကလေး ၄ ဦးအပါအဝင် လူငယ် ၂၅ ဦးကို ဒီနေ့ မတ်လ ၁၂ ရက်နေ့ ပဲခူးမြို့နယ် တရားရုံးမှာ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်လှစ်ပြီး ချုပ်မိန့်ရမန်ပေးခဲ့တယ်လို့ လိုက်ပါဝန်းရံနေသူတစ်ဦးကနေ သိရပါတယ်။

“ကျွန်တော်တို့အဖွဲ့က မိန်းကလေး သုံးဦးပါသွားတယ်။ တစ်ခြားအဖွဲ့ကတစ်ဦးနဲ့ လေးဦးပါ။ ကျန်ယောက်ျားလေးတွေ ၂၁ ယောက်လည်းပါနေတာ။ မိဘတွေက သက်သေအထောက်ထားနဲ့တကွ လာမယ့်ရုံးချိန်းမှာ ပြန်ထုတ်ပေးရင်ရမယ်” လို့ လိုက်ပါဝန်းရံနေသူတစ်ဦးက ပြောပါတယ်။

မနေ့က အဲ့ဒီ ၂၅ဦးအပြင် ဆရာဆရာမအချို့လည်း ဖမ်းခံခဲ့ရပေမယ့် ခံဝန်ကတိလက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးမယ့် အနေအထားရှိပြီး ခုချိန်ထိတော့ ပြန်လွတ်လာတာ မရှိသေးပါဘူး။

အခု တရားစွဲဆိုထားတဲ့ လူငယ် ၂၅ ဦးကို ကျိုက်‌ဇကောအကျဉ်းထောင်မှာ ချုပ်နှောင်ဖမ်းဆီးထားပြီး လာမယ့် မတ်လ၂၄ရက်နေ့မှာ ပထမရုံးချိန်း စတင်စစ်ဆေးမယ်လို့ သိရပါတယ်။

ပြင်ဆင်လိုက်တဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဟာ ပြစ်မှုထင်ရှားရင် အမြင့်ဆုံးထောင်ဒဏ်သုံးနှစ်အထိ စီရင်နိုင်တယ်လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ဆိုပါတယ်။

ပုံစာ – မနေ့က ပဲခူးရွှေမော်ဓေါဘုရားလမ်းမှာ သပိတ်ဖြိုခွဲခံရစဉ်

#VoiceOfMyanmar #VOM #ပဲခူး #တရားစွဲ #၅၀၅က

Related posts

Leave a Comment

VOM News

FREE
VIEW