ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ထားတဲ့ ရန်ကုန်က သတင်းထောက်တွေကို ရုံးစထုတ်

ရန်ကုန်၊ မတ် ၁၂-၂၀၂၁
အေးချမ်းသူ(VOM)

ရန်ကုန်မှာ ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရတဲ့ သတင်းထောက် ၆ ဦးကို ဒီနေ့ မတ်လ ၁၂ ရက်နေ့ မနက်ပိုင်းက မြို့နယ်တရားရုံးနှစ်ခုမှာ ဗီဒီယိုကွန်ဖရန့်စင်းနဲ့ စတင်ရုံးထုတ်ခဲ့ပြီး အာမခံရရှိရေးအတွက် ကြိုးစားနေတယ်လို့ လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ပြည်သူပါတီရှေ့နေအဖွဲ့ကနေ သိရပါတယ်။

“နောက်လာမယ့် ရုံးချိန်းမှာ အကုန်လုံး အာမခံရရှိရေးအတွက် ကြိုးစားသွားမှာပါ ဒီနေ့ကတော့ ဗီဒီယိုကွန်ဖရန့်စင်းနဲ့ ရုံးထုတ်တာပါ” လို့ ဖမ်းဆီးခံရသူတွေဘက်က လိုက်ပါကူညီနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်နီလာခိုင်က ပြောပါတယ်။

Myanmar Now သတင်းဌာနက သတင်းထောက် မကေဇွန်နွေးကို စမ်းချောင်းမြို့နယ်တရားရုံး၊ 7day က သတင်းထောက် ကိုအောင်ရဲကို၊ APသတင်းဌာနက ကိုသိန်းဇော်၊ MPA သတင်းဌာနက ကိုရဲမျိုးခန့်၊ အလွတ်တန်းသတင်းထောက် ကိုဗညားဦး၊ ဇီးကွက်သတင်းဌာနက ကိုဟိန်းပြည့်ဇော်တို့ကို ကမာရွတ်မြို့နယ်တရားရုံးမှာ ဗီဒီယိုကွန်ဖရန့်စင်းနဲ့ ရုံးထုတ်စစ်ဆေးခဲ့တာပါ။

ကမာရွတ်တရားရုံးက အမှုကို လာမယ့် မတ်လ ၂၄ ရက်နေ့နဲ့ စမ်းချောင်းမြို့နယ်တရားရုံးက အမှုကိုတော့ မတ်လ ၂၅ ရက်နေ့မှာ ပြန်လည်ချိန်းဆိုခဲ့ပါတယ်။

ကမာရွတ်မြို့နယ်တရားရုံးမှာ မိသားစုဝင်တွေ၊ အမေရိကန်သံရုံးက သံတမန်အရာရှိနဲ့ သတင်းထောက်တွေကို သတင်းယူခွင့် ပြုထားပေမယ့် တရားရုံးအတွင်း ဝင်ရောက်တဲ့ တဦးချင်းဆီကို ရဲတပ်ဖွဲ့က ဓါတ်ပုံရိုက်ယူနေတာကို တွေ့ရပါတယ်။ စမ်းချောင်းတရားရုံးမှာတော့ မိသားစုနဲ့ ရှေ့နေကိုပဲ တွေ့ရပါတယ်။

ဒီနေ့ ရုံးထုတ်တွေမှာ စစ်တပ်နဲ့ ရဲက လုံခြုံရေးအများအပြားနဲ့ စောင့်ကြပ်နေတာကိုလည်း တွေ့ရပါတယ်။

အဲ့ဒီသတင်းထောက် ၆ဦးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက မြေနီကုန်းနဲ့ လှည်းတန်းမှာ သတင်းယူနေစဉ် စစ်တပ်နဲ့ ရဲက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #သတင်းထောက် #ရုံးထုတ် #ကမာရွတ် #လှည်းတန်း

Related posts

Leave a Comment

VOM News

FREE
VIEW