မြောက်ဥက္ကလာပစ်ခတ်မှုမှာ ဆီးခုံကျည်ထိမှန်ခဲ့သူ သေဆုံး

မတ် ၁၂-၂၀၂၁
TG(VOM)

မတ်လ ၁၀ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံရှေ့ သပိတ်ပစ်ခတ်ဖြိုခွဲမှုမှာ ဆီးခုံကျည်ထိမှန်ခဲ့တဲ့ ကိုဇော်ဇော်မိုးဟာ ဒီနေ့ မတ်လ ၁၂ရက်နေ့ မနက် ၄ နာရီလောက်မှာ သေဆုံးသွားတယ်လို့ ဆွေမျိုးတော်စပ်သူတဦးကနေ သိရပါတယ် ။

“မနေ့ကတည်းကသတင်းရတာအခြေအနေမကောင်းတော့ဘူး။ စိတ်လျှော့ထားဖို့ ဆရာဝန်ကပြောတယ်။ ည၈ နာရီလောက်မှာ အောက်ဆီဂျင်တွေရော၊ သွေးပေါင်ချိန်တွေရော သွေးအားတွေရော အကုန်ထိုးကျသွားတယ်။ ည ၁၀ နာရီလောက်ကျ အောက်ဆီဂျင်တက်လာတယ်ကောင်းတယ်ဆိုပေမယ့် ၄ နာရီလောက်ကျတော့ ဆုံးသွားပြီ။ ပထမဖြစ်တဲ့နေ့သိရတဲ့အခြေအနေရဆိုရင် အကိုက ဆီးခုံကျည်မှန်တဲ့အတွက်ကြောင့် သွေးကြောပြတ်သွားတယ်၊ သွေးတောက်လျှောက်သွင်းနေရတယ်။ ပိတ်မိနေတဲ့ကလေးတွေကိုပြန်သွားကယ်ဖို့လုပ်တဲ့အချိန် သူထိသွားတာပေါ့” လို့ သေဆုံးသူနဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးကပြောပြပါတယ်။

လက်ရှိမှာတော့ ရုပ်အလောင်းကို မြောက်ဥက္ကလာဆေးရုံကနေ ထုတ်ယူဖို့ မိသားစုကဆောင်ရွက်နေတယ်လို့ ဆွေမျိုးတော်စပ်သူတစ်ဥိးကပြောပါတယ်။

သေဆုံးသူဟာ မြောက်ဥက္ကလာမြို့နယ်က ဘုမ္မာ၁၃လမ်း၊ အမှတ်၄၉၉မှာနေထိုင်ပြီး အမျိုးသမီးနဲ့ ကလေး ၄ ယောက်အပြင် ဖခင်လည်းရှိပြီး မိသားစုကို Taxi မောင်းပြီး လုပ်ကိုင်ရှာဖွေကျွေးမွေးနေသူ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၀ရက်နေ့ မနက်ပိုင်းက မြောက်ဥက္ကလာမှာ ပြုလုပ်ခဲ့တဲ့ လူထုဆန္ဒပြပွဲကို စစ်တပ်နဲ့ရဲက မျက်ရည်ယိုဗုံး၊ အသံဗုံး၊ ရာဘာကျည်အပြင် ကျည်အစစ်တွေပါသုံးပြီး ဖြိုခွင်းခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေရှိခဲ့ပြီး ကိုဇော်ဇော်မိုးကတော့ ဆီးခုံကျည်ထိဒဏ်ရာနဲ့ ဒီနေ့မှာ ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဖြိုခွဲမှုမှာ လူ ၁၀၀ ကျော်လည်း ဖမ်းခံခဲ့ရပြီး အများစုက ကျောင်းသားလူငယ်တွေ ဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #မြောက်ဥက္ကလာ #ပစ်ခတ်မှု #ဆီးခုံကျည်ထိမှန် #သေဆုံး #ကိုဇော်ဇော်မိုး

Related posts

Leave a Comment

VOM News

FREE
VIEW