ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦးအပါအဝင် NLD ပါတီဝင် ၁၂ ဦး နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှုနဲ့ တိုင်တန်းခံရ

မတ် ၁၃ -၂၀၂၁
KTG(VOM)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် အပါအဝင် NLD ပါတီဝင် ၁၂ ဦးကို နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုနဲ့ ပုလဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မနေ့ မတ် ၁၂ ရက်မှာ ပုလဲမြို့နယ် တရားရုံးကို ဦးတိုက်လျှောက်တိုင်တန်းခဲ့တယ်လို့ ထွေအုပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။

အဲ့ဒီတိုင်တန်းမှုနဲ့ပတ်သက်လို့ ပုလဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦးက ” ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် နဲ့ တိုင်းဒေသကြီး(၁)ကိုယ်စားလှယ် ၁ ဦးအပါအဝင် NLD ပါတီက လူ ၁၂ ယောက်ကို ထွေအုပ်က တရားလိုလုပ်ပြီး တရားရုံးမှာ ဦးတိုက်လျှောက် တိုင်တန်းထားတာပါ”လို့ ပြောပါတယ်။

အဲ့ဒီ NLD ပါတီဝင် ၁၂ ဦးဟာ ပြည်ထောင်စုနိုင်ငံကို(သို့) ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေနဲ့ တည်ထောင်ခန့်အပ်ထားတဲ့ ပြည်ထောင်စုနိုင်ငံရဲ့ လုပ်ငန်းအဖွဲ့ကို ဖြိုဖျက်ဖို့ တရားမဝင် အဖွဲ့အစည်းကို ဖွဲ့စည်းအားထုတ်ပြီး နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ကျူးလွန်ခဲ့ကြတယ်လို့ စွပ်စွဲပြီး တရားရုံးမှာ ဦးတိုက်လျှောက် တိုင်တန်းခံရတာ ဖြစ်ပါတယ်။

အဲ့ဒီလို တိုင်တန်းခံရတာနဲ့ ပတ်သက်လို့ ပုလဲမြို့နယ် NLD ပါတီ ဝန်းရံသူတစ်ဦးက “ပြည်သူ့ရွေးကောက်ခံ ကိုယ်စားလှယ်တွေဟာ အခုအချိန်မှာ ပြည်သူ့ဆန္ဒနဲ့အညီ ရွေးကောက်ခံထားရသူတွေဖြစ်တယ်ဆိုတာ အသိအမှတ်ပြုခြင်း မခံရဘူး။ အဲ့ဒါကြောင့် မဲဆန္ဒရှင် ပြည်သူတွေရဲ့ လိုလားချက်တွေကို ပုံဖော်ဆောင်ရွက်ပေးနိုင်ဖို့ (CRPH)လွှတ်တော်ကိုယ်စားပြု့ ဖွဲ့စည်းပြီး လုပ်ဆောင်ကြတာရှိတယ်။ အဲ့ဒီအတွက် အမှုဖွင့်တာ ဖြစ်နိုင်တယ်”လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာရှိတဲ့ မြို့နယ် ၃၇ မြို့နယ်မှာ အာဏာရှင်ကျဆုံးရေး ဆန္ဒပြသူတွေက ဦးဆောင်ကာ ပြည်သူ့ညီလာခံ ပြုလုပ်ပြီး သက်ဆိုင်ရာမြို့နယ်အလိုက် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့(ပအဖ)တွေကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဖွဲ့စည်းခဲ့ကြပါတယ်။

မြန်မာ့နိုင်ငံရေး အခင်းအကျဥ်းနဲ့ ပတ်သက်လို့ ၁၉၉၀ ပါတီစုံရွေးကောက်ပွဲအလွန် ကာလမှာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေက သူတို့ရဲ့ အနိုင်ရမဲတွေကို အသိအမှတ်ပြုခြင်း မခံရလို့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPP)နဲ့ အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့(NCGUB) ဖွဲ့စည်းခဲ့တာလည်း ရှိပါတယ်။

ပုံစာ – ပုလဲပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်
ဓာတ်ပုံ ကိုတိုးကြီး

#VoiceOfMyanmar #VOM #NLD #ပုလဲအမတ် #ဒေါ်ခင်စန်းလှိုင် #ပါတီဝင်၁၂ဦး #နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု #တိုင်တန်း

Related posts

Leave a Comment

VOM News

FREE
VIEW