အကြမ်းဖက်ပုဒ်မတွေနဲ့ တရားစွဲခံထားရတဲ့ ရခိုင်ဒေသခံ ၅ဦးကို ပြန်လွှတ်ပေးဖို့ မိသားစုတောင်းဆို

မတ် ၁၂- ၂၀၂၁
ထက်အောင်စိုင်း (VOM)

တပ်မတော် စစ်ရေယာဥ်ပေါ်မှာ ဖမ်းဆီးရိုက်နှက်ခံရပြီး တရားစွဲဆိုခံထားရတဲ့ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာသား (၅) ဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ သူတို့ရဲ့ မိသားစုဝင်တွေက တောင်းဆိုလိုက်ပါတယ်။

ဖမ်းဆီးခံ ကျောက်ဆိပ်ကျေးရွာသားတွေဟာ အေအေတပ်ဖွဲ့ဝင်တွေမဟုတ်ကြောင်းနဲ့ အကြမ်းဖက်သမားတွေမဟုတ်ကြောင်း ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ ရုံးထုတ်မှာ ဗိုလ်မှူးတစ်ဦးက ပြောခဲ့တဲ့အတွက် အခုလိုတောင်းဆိုရတာလို့ ကိုညီညီအောင်ရဲ့ မိခင်ဖြစ်သူ ဒေါ်နီနီအေးက ပြောပါတယ်။

တရားစွဲဆိုခံထားရသူ ကိုညီညီအောင်ရဲ့မိခင် ဒေါ်နီနီးအေးက” မတ်လ ၅ ရက်နေ့က ပုဏ္ဏားကျွန်း ၅၅၀ တပ်ရင်းက ဗိုလ်မှူး တရားရုံးမှာ လာရောက်စစ်ဆေးခံလာပါတယ်။ သူက ကျောက်ဆိပ်က ညီညီအောင်တို့လွှတ်တယ်ဆိုတာ သူတို့တင်ပြခဲ့ပါတယ်။ ကျမအနေနဲ့ ကိုယ့်သားကို (၁) မိနစ်လည်း ထောင်ထဲမှာ မထားချင်ဘူး။ သူတို့မှာ အပြစ်မရှိပါဘူး။ ကျေးဇူးပြုပြီးလွှတ်ပေးပါ” လို့ ပြောပါတယ်။

အေအေအဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကနေ ရုတ်သိမ်းကြောင်း နစအ ကောင်စီက ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က ကြေညှာလိုက်ပြီးဖြစ်တဲ့အတွက် သူတို့အနေနဲ့ ပြန်လွတ်လာနိုင်ဖွယ်ရှိတယ်လို့ မိသားစုဝင်တွေက မျှော်လင့်နေကြပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသားတွေရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က” အေအေကိုလည်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကနေ ဖျက်သိမ်းလိုက်ပြီဆိုတော့ အခုစွဲတင်ထားတဲ့ဟာတွေက အကြမ်းဖက်အမှုနဲ့ စွဲတင်ထားတဲ့အတွက်ကြောင့် ဥပဒေကြောင်းအရပြောရရင် တရားစွဲဆိုတဲ့ အဖွဲ့အစည်းက အမှုကို ရုတ်သိမ်းရမှာပေါ့။ အကြမ်းဖက်အဖြစ်ကနေ ဖျက်သိမ်းလိုက်ပြီဆိုင်တော့ အကြမ်းဖက်မဟုတ်တော့ဘူးလေ။ အမှုကိုရုတ်သိမ်းလိုက်ပြီဆိုရင်တော့ တရားခံတွေကို လွှတ်ပေးရမှာပေါ့။ ဒါတွေကလည်း နိုင်ငံတော်အကြီးအကဲတွေရဲ့ သဘောထားမှတ်ချက်တွေအပေါ် အများကြီးမူတည်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ အဲဒီ ကျောက်ဆိပ်အမှုကို ကိုဗစ်ကြောင့် ပြီးခဲ့တဲ့နှစ် ၉ လပိုင်းကတည်းကနေ အမှုစစ်ဆေးနေတာကို ရပ်လိုက်ရကြောင်းနဲ့ ဒီနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့ကမှ အမှုကိုစစ်ဆေးနေပြီး မနေ့ မတ်လ ၁၂ ရက်နေ့ရုံးချိန်းမှာ တရားလိုပြသက်သေ (၃) ဦးမရောက်လာတဲ့အတွက် စစ်ဆေးဖို့ ကျန်နေသေးကြောင်းသိရကာ လာမယ့် မတ်လ ၁၆ ရက်နေသို့ ရုံးချိန်းလိုက်ကြောင်း သိရပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ စစ်တွေခရိုင်တရာရုံးမှာ ရုံးထုတ်ခဲ့သူတွေမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာက ကိုညီညီအောင်(၂၄ နှစ်)၊ မျိုးလှိုင်ဦး (ခေါ်) မျိုးလင်းဦး (၂၄ နှစ်)၊ မောင်ချေ (၂၄ နှစ်)နဲ့ ဇီးပင်ကြီးကျေးရွာက ကိုကျော်ဝင်းဟိန်း အသက်(၂၂) ၊ ပုဏ္ဏားကျွန်းမြို့၊ အလယ်စုရပ်ကွက်က ကိုမင်းစိုး (၃၈ နှစ်) တို့ဖြစ်ပါတယ်။

သူတို့အားလုံးကို (ပ) ၈/ ၂၀၂၀၊ ၂၀၁၄ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေဖြစ်တဲ့ ၅၀(ည)၊ ၅၂ (က) နဲ့ ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှာ ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုလုပ် တိုင်တန်းထားတာဖြစ်ပြီး စစ်တွေခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးနေတာ ဖြစ်ပါတယ်။

သူတို့ (၅) ဦးကို တပ်မတော် စစ်ရေယာဉ်တစ်စီးပေါ်မှာ တပ်မတော်သားတွေက ရိုက်နှက်ထိုးကြိတ်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မေလ ၁ဝ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့ရာ အဲဒီ ရိုက်နှက်မှုတွေကြောင့် ခန္ဓာကိုယ်တွေနာကျင်နေကြောင်း ကျောက်ဆိပ်ရွာက သူတို့ရဲ့ မိသားစုဝင်တွေက ဆိုပါတယ်။

အဲဒီအချိန်တုန်းက တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်တဲ့သတင်းမှာတော့ စစ်ရေယာဥ်ပေါ်မှာ မျိုးလင်းဦးပါ ၅ ဦးကို ရိုက်နှက်၊ နှိပ်စက်ခဲ့တဲ့ တပ်မတော်သားတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ကြေညာထားတာရှိခဲ့ပါတယ်။

တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲကာလအတွင်း အေအေနဲ့ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ တရားစွဲခံရသူအရေအတွက်ဟာ ၂၀၂၀ ဩဂုတ်လအထိ ၂၇၆ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

#VoiceOfMyanmar #VOM #အကြမ်းဖက်ပုဒ်မ #တရားစွဲ #ပြန်လွှတ်ဖို့တောင်းဆို

Related posts

Leave a Comment

VOM News

FREE
VIEW