ဝန်ထမ်းနဲ့ဆရာဆရာမတချို့ CDM မှာ မပါဝင်ကြောင်း ကိုယ်တိုင်ရေးခံဝန်ချက်နဲ့ တင်ပြဖို့လုပ်နေ

မတ် ၁၆-၂၀၂၁
VOM

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ ဌာနခွဲ တွေက အရာထမ်း၊အမှုထမ်းအားလုံး CDM လှုပ်ရှားမှုမှာ ပါဝင်ခြင်းရှိမရှိကို ကိုယ်တိုင်ရေးခံဝန်ချက်နဲ့အတူ မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထားတင်ပြဖို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

“ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါမပါ ကိုယ်တိုင်ခံဝန်ချက်နဲ့ မနက်ဖန် နောက်ဆုံး စာရင်းပေးရမယ်ဆိုလို့ ခုဆရာ၊ဆရာမတွေရော ဝန်ထမ်းတွေပါလက်မှတ်ထိုးပြီး စာရင်းပြန်တင်ပေးဖို့ လုပ်နေကြတယ်။ အားလုံးလည်းစိတ်ညစ်နေကြတယ်။ ဘယ်အချိန်အဖမ်းခံရမလဲမသိရဘူး။ ကျီးလန့်စာစားနေရတယ်။ ဒါကြောင့်ခု CDMမလုပ်ပါဘူးဆိုတာကို လက်မှတ်ထိုးတင်ပြလိုက်ပြီ။ ရုံးတက်ခိုင်းရင်လည်း ရုံးတက်နိုင်ပါတယ်ပေါ့။ ပြည်သူ့အစိုးရတက်တဲ့အချိန် CDM မလုပ်လို့ အလုပ်ကထုတ်လဲထုတ်ပါစေတော့။ ခုကဖိအားတွေအမျိုးမျိုးရှိနေတယ်”လို့ နည်းပညာတက္ကသိုလ် ဝန်ထမ်းတစ်ဦးက ပြောပြပါတယ်။

အဲ့ဒီလို ညွှန်ကြားလာတာကြောင့် တက္ကသိုလ်ကဆရာ ဆရာမ၊ ဝန်ထမ်းတချို့ဟာ CDM လှုပ်ရှားမှုမှာ မပါဝင်ကြောင်းကို ခံဝန်ချက်နဲ့အတူ လူစုပြီး အမည်စာရင်းတင်ပြမှုတွေရှိနေပြီး ရုံးတက်ခိုင်းပါက ရုံးတက်နိုင်ကြောင်း ပြန်လည်တင်ပြတာတွေကို လုပ်ဆောင်နေကြရကြောင်းနဲ့ အဲဒီထဲမှာ အရင်က CDM မှာပါဝင်ကြောင်း စာရင်းပေးထားသူတွေလည်း ပါဝင်နေတယ်လို့ သတင်းရင်းမြစ် ကပြောပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆရာမတစ်ဦးက” CDM လုပ်သူတွေက ဘယ်တော့မှ အာဏာရှင်လက်အောက်မှာအလုပ်ပြန်လုပ်မှာမဟုတ်ပါဘူး။ အလုပ်ပြုတ်မှာ၊ အဖမ်းခံရမှာကြောက်တယ်ဆိုပြီး ရုံးတက်မယ့်သူတွေအနေနဲ့ ကလေးတွေသေနေရတာကို ကြည့်ပါ။အသက်တွေဆုံးရှုံးနေရတာတောင် ရုံးတက်ချင်နေကြတုန်းလားလို့ပဲပြောချင်ပါတယ်။ကျမတို့CDMလုပ်နေသူတွေကတွေ သူတို့စာရင်းကောက်ကောက်ဘာပဲလုပ်လုပ် အဖက်လုပ်ပြန်ပို့နေမှာမဟုတ်ဘူး။ CDMကိုဆက်ပါဝင်ပေးကြပါ၊သမိုင်းတရားခံအဖြစ်မခံကြပါနဲ့”လို့ ပြောပါတယ် ။

ပညာရေးဝန်ကြီးဌာန အောက်က အခြေခံပညာဦးစီးဌာနမှ ပညာရေးဝန်ထမ်းအများစုတာ့ CDM လုပ်ဆောင်နေပြီး လမ်းပေါ်ထွက် ဆန္ဒပြတာကိုလည်းလုပ်နေပါတယ်။ နောက်ပြီး အဆင့်မြင့်ပညာဦးစီးဌာန၊ တက္ကသိုလ်၊ဒီဂရီကောလိပ်၊ ကောလိပ်တွေက ဆရာ ဆရာမနဲ့ ဝန်ထမ်းတချို့လည်း CDM မှာပါဝင်ကြောင်း ကြေညာထားတာရှိပါတယ်။

လက်ရှိ တက္ကသိုလ်တချိူ့မှာတော့ စစ်တပ်နဲ့ရဲက နေရာယူတပ်စွဲထားတဲ့အခြေအနေတွေရှိနေသလို၊ CDM လုပ်သူတွေထဲက ကထိကတွေ၊ ကျောင်းသားတွေ၊ ဝန်ထမ်းတွေ ဖမ်းဆီးခံထားရပြီး ရှောင်တိမ်းနေရသူတွေလည်းရှိနေပါတယ်။

CDM လှုပ်ရှားမှုပါဝင်သူတွေကို သက်ဆိုင်ရာအစိုးရဌာနတွေကနေ အလုပ်ကနေထုတ်ပယ်မှုတွေကိုလည်း ဆက်တိုက်လုပ်ဆောင်လာတာကို တွေ့ရပါတယ်။

#VoiceOfMyanmar #VOM #CDM #ဆရာဆရာမ #ခံဝန်ထိုး

Related posts

Leave a Comment

VOM News

FREE
VIEW