မတ် ၁၈- ၂၀၂၁
ထက်အောင်စိုင်း (VOM)
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၊ တိမ်ည်ိုစစ်ဘေးရှောင်စခန်း မနေ့ မတ် ၁၇ ရက်နေ့ ညပိုင်း ၈ နာရီကျော်လောက်က မီးလောင်မှုဖြစ်ပြီးနောက် ဒီကနေ့မနက်ပိုင်းတွေ့ရတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။
မနေ့ မတ်လ ၁၇ရက်ညပိုင်းက စစ်ရှောင်စခန်းမီလောင်တာကြောင့် စစ်ဘေးရှောင်တွေခိုလုံဖို့ နေရာအခက်အခဲနဲ့ ရင်ဆိုင်နေရပြီး မနေ့ညပိုင်းကလည်း စစ်ဘေးရှောင်တွေဟာ အဝေးပြေးလမ်းဘေးတွေမှာ နေခဲ့ရတယ်လို့ မြောက်ဦးဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
မနေ့က မီးလောင်မှုအတွင်း ပျောက်ဆုံးသွားတဲ့ ကလေး (၃) ဦးကို လူအုပ်ကြားထဲက ပြန်လည်တွေ့ရှိကြောင်းနဲ့ ဖြစ်စဥ်အတွင်း ဒဏ်ရာအနည်းငယ်ရသူ (၂) ဦးရှိတယ်လို့ သိရပါတယ်။
တိမ်ညိုစစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ( ၈၇၅ )စု ရှိပြီး မီးလောင်သွားတဲ့အိမ် ( ၆၆၃ ) အိမ်ရှိပါတယ်။
စစ်ရှောင်စခန်းရှိ စုစုပေါင်းလူဦးရေကတော့ ( ၃၃၅၅ ) ဦးရှိပြီး စစ်ဘေးအပြင် မီးဘေးကြောင့် အိုးအိမ်ပစ္စည်းတွေ ဆုံးရှုံးနစ်နာသူ လူဦးရေ( ၂၅၆၅ ) ဦး ရှိတယ်လို့ စခန်းတာဝန်ခံတွေရဲ့ စာရင်းတွေအရ သိရပါတယ်။
လက်ရှိမှာ စစ်ဘေးရော၊ မီးဘေးပါကြုံနေရတဲ့ ရခိုင်ဒုက္ခသည်တွေအတွက် ခိုလုံရာနဲ့ စားဝတ်နေရေးအကူအညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။
Photo- ခိုင်မင်းသျှင်
#voiceofmyanmar #VOM #ရခိုင် #စစ်ရှောင်စခန်း #မီးလောင်မှု