လားရှိုးမြို့ ရဲရိပ်သာမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွား

မတ်လ ၂၂ -၂၀၂၁
Violin Shayi

လားရှိုးမြို့၊ ရပ်ကွက် ( ၄ ) ရှိ ရဲရိပ်သာမှာ ဒီကနေ့ မတ်လ ၂၂ ရက်နေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲ မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

ရဲရိပ်သာအနီး ရေကန်တောင်လမ်းမှာ နေထိုင်သူတစ်ဦးက “အသံက တော်တော်လေးကျယ်တယ်၊ ဗုံးပေါက်တာပဲဖြစ်မယ်၊ သွားလည်း မကြည့်ရဲဘူး၊ အခု စစ်တပ်နဲ့ရဲတွေရောက်နေတယ်”လို့ VOM ကို ပြောပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း လမ်းသွားလမ်းလာတွေကို သက်ဆိုင်ရာက စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

” ပေါက်ကွဲမှုဖြစ်ပြီး စစ်ကားတွေနဲ့ ရဲတွေ ရောက်လာတယ်။ လမ်းသွား၊ လမ်းလာ ကားတွေကို စစ်နေတယ်”လို့ စစ်ဆေးခံရသူ ယာဉ်မောင်းတစ်ဦးက VOMကို ပြောပါတယ်။

လာရှိုးမြို့နယ် ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက “အဲ့ဒီဟာက ပေါက်ကွဲမှုလား၊ ဘာလား ဆိုတာ အခုက အတည်မပြုနိုင်သေးဘူးဗျ။ အခုဟာက ကျွန်တော်တို့က ကျွမ်းကျင်သူတွေနဲ့ နည်းနည်း ကြည့်နေတုန်းရှိသေးတာ၊ သူက အသံလား။ ဆယ်ရောင်ခြည်လား။ ရိုးရိုး ကလေးမိုင်းလား ဆိုတာ ကျွန်တော်တို့က အတည်မပြုနိုင်သေးဘူး မေးနေတုန်းပဲ၊ သက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ စစ်ဆေးနေတယ်” လို့ VOM ကို ပြောပါတယ်။

လက်ရှိမှာတော့ ရပ်ကွက် (၄)၊ ရေကန်တောင်လမ်းရှိ ရဲရိပ်သာအနီးပတ်ဝန်းကျင်ကို လမ်းတွေပိတ်ထားပြီး စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #လားရှိုး #ရဲရိပ်သာ #ပေါက်ကွဲမှုဖြစ်

Related posts

Leave a Comment

VOM News

FREE
VIEW