ဖမ်းဆီးခံရသူတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုသူတွေ ပစ်ခတ်ခံရလို့ လူ ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ

မတ် ၂၅ -၂၀၂၁
Voice Of Myanmar

ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ဒီနေ့ မတ် ၂၅ရက် မနက် အစောပိုင်းက ဖမ်းဆီးခံရတဲ့ သူတွေကို ပြန်လည်လွှတ်ပေးဖို့အတွက် သွားရောက်တောင်းဆိုခဲ့သူတွေကို လုံခြုံရေးတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်လို့ လူ ၁ ယောက် ကျည်ဆံထိမှန်ကာ သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ ၆ ယောက်လည်း ဆေးကုဖို့ အခက်အခဲ ဖြစ်နေတယ်လို့ မိုးညှင်းမြို့ခံတွေဆီက သိရပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိုးညှင်းမြို့ခံ ပြည်သူတစ်ယောက်က ” ဒီမနက် (မတ် ၂၅ ) ၈ နာရီခွဲ အချိန်လောက်မှာ ၁၉ ရပ်ကွက်ထဲက ဆန္ဒပြဖို့ ပြင်ဆင်နေတဲ့ လူ ၁၃ ယောက်ကို လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးသွားတယ် ၊ အဲ့ဒီထဲက အသက် ၁၇ နှစ်အရွယ် ကလေးတစ်ယောက်ကို အသက်မပြည့်သေးလို့ဆိုပြီး ပြန်လွတ်ပေးလိုက်တယ်၊ ကျန်တဲ့ ၁၂ ယောက်ကိုတော့ အခုထိ ပြန်လွတ်မပေးသေးဘူး ၊ အဲ့ဒီ ဖမ်းဆီးခံရတဲ့သူတွေ ပြန်လွှတ်ပေးဖို့ သွားရောက်တောင်းဆိုတဲ့ လူတွေ ပစ်ခံရတာဖြစ်တယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်ကြောင့် မိုးညှင်းမြို့ အောင်သပြေ ၃ ရပ်ကွက်က အသက် ၄၀ နှစ်အရွယ် ဦးဝင်းဆွေ ဆိုသူဟာ ဝမ်းဗိုက် ကျည်ဆံထိမှန်ဒဏ်ရာနဲ့ နေ့ခင်း ၁ နာရီက
အသက်ဆုံးရှုံးခဲ့ရပြီး ကျန် လူတစ်ယောက်လည်း လက်မောင်းကျည်ဆံထိမှန် ဒဏ်ရာရခဲ့ပါတယ်။

” အခု အချိန်ထိတော့ ပစ်ခတ်သံတွေကြားနေရတယ် ၊ ဒဏ်ရာရတဲ့သူကို ဆေးကုသဖို့ ဆေးခန်းတွေပိတ်ထားလို့ အခက်အခဲဖြစ်နေတယ် “လို့ မိုးညှင်းမြို့ခံ တစ်ယောက်က VOM ကိုပြောပါတယ်။

ဒါ့အပြင် ဒီမနက် အစောပိုင်းက ဖမ်းဆီးခံရတဲ့သူတွေမှာ ကျန်းမာရေးဝန်ထမ်းဖြစ်တဲ့ ဆရာဝန်နဲ့ ပညာရေးဝန်ထမ်းဖြစ်တဲ့ ကျောင်းဆရာ ဆရာမ တချို့ပါဝင်နေတယ်လို့ သိရပါတယ်။

ပုံစာ မိုးညှင်းမြို့တွင် သေနတ်ထိမှန် အသက်ဆုံးရသူ

##VoiceOfMyanmar #VOM #မိုးညှင်း #ပစ်ခတ် #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW