KIA နဲ့ စစ်တပ် လိုင်ဇာ-မိုင်ဂျာယန်လမ်းအနီး အာလောဘွမ်မှာ ၂ နာရီကြာတိုက်ပွဲဖြစ်

မတ် ၂၅-၂၀၂၁
VOM

လိုင်ဇာနဲ့ မိုင်ဂျာယန်လမ်း အလောဘွမ်စစ်တပ်စခန်းကို KIA က မတ်လ(၂၄) ရက်နေ့ ညနေ (၅)နာရီခွဲဝန်းကျင်မှာ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ၂ နာရီကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ကေအိုင်အေပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOM ကို ပြောပါတယ်။

အာလောဘွမ်မှာဖြစ်တဲ့တိုက်ပွဲမှာ နှစ်ဖက်ကလက်နက်ကြီးနဲ့ပစ်ခတ်တာ ၊ ခြေလျှင်တပ်တွေနဲ့ မြေပြင်မှာ တိုက်ပွဲတွေဖြစ်ခဲ့ကြပေမယ့် မတ် ၂၅ ရက် ဒီမနက်တော့ ပြန်ငြိမ်သွားပြီး ရှေ့တန်းက နောက်ဆုံး အခြေအနေ အတိအကျ မသိရသေးတာနဲ့ တိုက်ပွဲဖြစ်ရတဲ့အကြောင်းကိုတော့ ဗိုလ်မှူးကြီးနော်ဘူက ” ဘယ်ဘက်က ဘာဖြစ်သွားတယ်ဆိုတဲ့သတင်းတော့ ကျွန်တော်တို့ မရသေးပါဘူး အခု ဒီမနက်ကတော့ သေနတ်သံပြန်ငြိမ်သွားတယ်။ ဖြစ်ရတဲ့အကြောင်းရင်းက လွန်ခဲ့တဲ့ နှစ် ရက် သုံးရက်အတောအတွင်းမှာပေါ့ ၊ ဒီလပေါ့ မတ်လ ၂၂ ရက်တို့ ၂၃ ရက်တို့မှာ တပ်မတော်ဘက်ကနေ ကျွန်တော်တို့ရဲ့ တပ်စခန်းတွေဆီမှာ သူတို့က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တဲ့ဟာတွေရှိတယ် ဥပမာ ဖာလ်ပွန်ဘက်က ကျွန်တော်တို့ တပ်စခန်းတွေကိုလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့တယ် နောက်ပြီးတော့ တပ်ရင်း ၃ နယ်မြေပေါ့ ။ ဆဒုံးဘက် ဖြစ်ပါတယ် အဲ့ဒီဆဒုံးမှာလည်းပဲ လက်နက်ကြီးနဲ့ ပစ်တယ် ကျွန်တော်တို့ရဲ့ တပ်စခန်းတွေမှာ ပစ်တယ် ။ နောက်ပြည်သူလူထုရှိတဲ့ ခေါင်ရှောင်ဆိုတဲ့ စစ်ရှောင်စခန်းမှာလည်း သူတို့က လက်နက်ကြီးနဲ့ ပစ်တယ် ။ ဘယ်လောက်အထိဆိုးခဲ့သလဲဆိုတော့ တရုတ်ပြည်ဘက်ကမ်းတောင်မှ လက်နက်ကြီး ၂ လုံး ကျသွားတယ် အဲ့လောက်အထိ ပစ်လာတာရှိတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း အာလောဘွမ် တပ်စခန်းကို ပြန်ပြီးတော့မှ ပစ်တာဖြစ်ပါတယ်။ အာလောဘွမ်ကတော့ လိုင်ဇာနဲ့ မိုင်ဂျာယန်ကြားက ဖြစ်ပါတယ်။ ဆိုတော့ သူတို့လည်း ကျွန်တော်တို့ရဲ့ ဒီကြားကလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ စစ်ဆင်ရေးအစီအစဉ်ရှိတယ်လို့ သုံးသပ်ပြီးတော့မှ စခန်းမှာ မနေ့ကတော့ ဝင်ပစ်တာဖြစ်ပါတယ်။ ” လို့ ပြောပါတယ်။

အာလောဘွမ်တပ်စခန်းမှာ၂၄ ရက် ညနေ ၅နာရီခွဲ အချိန်လောက်က တိုက်ပွဲဖြစ်ခဲ့ပြီး ၈ နာရီလောက်မှာ ငြိမ်သွားတယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ အာလောဘွမ် နေရာတစ်ဝိုက်မှာ ပြည်သူလူထုတွေမရှိတဲ့ တောတောင်စခန်းဖြစ်ပါတယ်။

” မနေ့က ညနေ ၅နာရီခွဲလောက် စဖြစ်တယ် ၈ နာရီလောက် ရပ်သွားတယ် ဆိုတော့ ၂ နာရီလောက်ထိ ဖြစ်သွားတယ်။ စခန်းသိမ်းနိုင်တယ် မသိမ်းနိုင်ဘူးဆိုတဲ့သတင်းကတော့ ကျွန်တော်တို့ဘက်ကတော့ ဘာမှမတက်သေးဘူး။ မေးလည်းမမေးကြည့်သေးပါဘူး။ နည်းနည်းတော့ အထိအခိုက်တော့ရှိမယ်။ မြို့တွင်းမှာလည်း ပြည်သူလူထုကတော့ ကိုယ့်ရဲ့ဆန္ဒကို ဖော်ထုတ်နေတဲ့အချိန်ဖြစ်တယ် ။ တောမှာလည်း အခုလို တိုက်ပွဲဖြစ်တာ ပြည်သူလူထုကတော့ ကြောက်လန့်နေမှာပဲ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ သွားရမယ့်ခရီးကိုတော့ ကျွန်တော်တို့ သွားရမှာဖြစ်ပါတယ်။ ဒါကြောင့်ပြည်သူလူထုကလည်း သတင်းတွေကို အားလုံးနားစွင့်ပြီးမှ နေကြပါလို့ ပြောချင်ပါတယ်။ မှန်ကန်တဲ့ သတင်းဘက်ကို ရွေးပြီးမှနားထောင်ဖို့က အရေးကြီးတယ် ” ဆိုပြီး ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်း စစ်တပ်နှင့် KIA တို့ မတ်လ (၁၁) ရက်နေ့မှစပြီး တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြစ်ဆုံအထက် ဂွေထော်ကျေးရွာအနီးနဲ့ ဇားကန့် ဆယ်ဇင်းဘက်မှာလည်း ပြီးခဲ့တဲ့ ရက်တွေက တိုက်ပွဲဖြစ်ထားပါတယ်။

Photos – Kachin Libration Media

#VoiceOfMyanmar #VOM #တိုက်ပွဲဖြစ် #KIA #စစ်တပ်

Related posts

Leave a Comment

VOM News

FREE
VIEW