တောင်ဒဂုံမှာ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသူနှစ်ဦး အလောင်းသာပြန်ရ

ရန်ကုန်၊မတ် ၂၉-၂၀၂၁
အေးချမ်းသူ(VOM)

တောင်ဒဂုံမြို့နယ် ၁၈ ကွေ့မှာ မနေ့ မတ် ၂၈ရက် ညပိုင်းက စစ်တပ်မှ ပစ်ခတ်ခဲ့ရာမှာ ဒဏ်ရာရရှိသူနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီနေ့ မတ် ၂၉ရက် မနက်ပိုင်းမှာ အလောင်းလာပစ်ထားခဲ့ကြောင်း ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

ရပ်ကွက်နေပြည်သူတစ်ဦးက “၁၈ ကွေ့မှာပဲလာချသွားတာပါ မနက်ပိုင်းက သုံးဦးထိတာ နှစ်ဦးဖမ်းမိသွားပြီး အလောင်းပဲ ပြန်လာပစ်သွားတာ” လို့ VOMကို ပြောပါတယ်။

သေဆုံးသူနှစ်ဦးမှာ ကိုပြည့်ဖြိုးမောင်(ခ)ပေတိုး (၃၉)နှစ်နဲ့ ကိုမောင်မောင်အေး (၃၇)နှစ်တို့ဖြစ်ကြောင်းဒေသခံများထံမှ သိရပါတယ်။

တောင်ဒဂုံမြို့နယ်မှာ မနေ့က စစ်တပ်က ဖြိုခွင်းခဲ့ရာ နှစ်ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရရှိခဲ့သလို ညပိုင်းမှာ ထပ်မံပစ်ခတ်မှုကြောင့် ပြည်သူသုံးဦး ပေါင်ထိမှန်ခဲ့ပြီး နှစ်ဦးကို ဒီနေ့မနက်ပိုင်းလေးနာရီမှာ ဖမ်းဆီးပြီးနောက် အလောင်းလာပစ်သွားတာလို့ သိရပါတယ်။

တောင်ဒဂုံမြို့နယ်ဟာ ရန်ကုန်တိုင်းအတွင်း စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ၆မြို့နယ်ထဲမှာ ပါဝင်နေပါတယ်။

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးကာလ တောင်ဒဂုံမြို့နယ်မှာ စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းမှုကြောင့် သေဆုံးသူ ကိုးဦးအထိရှိနေပြီး ဒဏ်ရာရရှိသူတွေနဲ့ ဖမ်းဆီးခံရသူတွေလည်း ရှိပါတယ်။

#VoiceOfMyanmar #VOM #တောင်ဒဂုံ

Related posts

Leave a Comment

VOM News

FREE
VIEW