ရခိုင်ရိုးရာ သင်္ကြန် ရေသဘင်ပွဲ အကန့်အသတ်နဲ့ ပြုလုပ်ဖို့ရှိ

ဧပြီ ၂-၂၀၂၁
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်အတွင်း နှစ်စဉ်ကျင်းပပြလုပ်လေ့ရှိတဲ့ ရိုးရာသင်္ကြန်ရေသဘင်ပွဲကို ပြီးခဲ့တဲ့နှစ်တွေက ရပ်နားထားခဲ့ရပေမယ့် ယခုနှစ် ၂၀၂၁ ခုနှစ်မှာတော့ အကန့်အသတ်နဲ့ ကျင်းပပြုလုပ်သွားဖို့ရှိကြောင်း သိရပါတယ်။

ရခိုင်ရိုးရာသင်္ကြန်ကျင်းပရေးအတွက် ကိုဗစ်နဲ့ ဆက်စပ်တဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ချမှတ်ထားတဲ့ စည်းကမ်းချက်ဘောင်အတွင်းက ကျင်းပဖို့ ခွင့်ပြုထားပြီး အဲဒီခွင့်ပြုချက်နဲ့အညီ ရေလောင်းမဏ္ဍပ်တစ်ခုလုပ်မည်ဆိုပါက လူ (၅၀) ထက်မပိုစေရေး ကန့်သတ်ချက်ထားရှိကြောင်း သိရပါတယ်။

ရခိုင်ပြည်နယ်၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးတာဝန်ခံ ဦးဦးလှသိန်းက “အစိုးရကတော့ ရခိုင့်ရိုးရာသင်္ကြန်လည်း အနှစ်သာရမပျက်အောင် လောင်းလှေနဲ့ ရေးလောင်တဲ့ဟာမျိုး စစ်တွေကမ်းနားလမ်းမှာ မဏ္ဍပ်တစ်ခုလုပ်ဖို့ရှိတယ်။ လူ (၅၀) မကျော်အောင်လည်း ကြီးကြပ်ပြီးတာဝန်ယူထားမယ်။ ကျန်တဲ့ နေရာတွေမှာတော့ အစိုးရက ကြီးကြပ်ပြီး လုပ်ပေးဖို့မရှိဘူး။” လို့ မနေ့က ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံးအတွင်းပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြေကြားခဲ့တာဖြစ်ပါတယ်။

ကိုဗစ်နဲ့ ဆက်စပ်တဲ့ အခြေခံစည်းကမ်းချက်တွေဖြစ်တဲ့ နှာခေါင်းစည်း မက်(Mask) တပ်ဖို့နဲ့ လက်ဆေးဖို့ ၊ တစ်ယောက်နဲ့တစ်ယောက် (၆) ပေအကွာမှာနေကြဖို့ စတဲ့စည်းကမ်းချက်တွေဟာ ရှိနေဆဲဖြစ်ပြီး လျှော့ပေးထားတာမရှိကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးတာဝန်ခံ ဦးလှသိန်းက ပြောပါတယ်။

ဆက်လက်ပြီး တခြားမဏ္ဍပ်တွေမှာလည်း ချမှတ်ထားတဲ့စည်းကမ်းနဲ့အညီ လူ(၅၀) ထက်မပိုစေဘဲပြုလုပ်ရမှာဖြစ်ကြောင်းနဲ့ အစိုးရအဖွဲ့ကလည်း စာထုတ်ပေးသွားဖို့ရှိပြီး လူဦးရေ (၅၀) ထက်မပိုတဲ့ အောက်မှာ ကိုဗစ်စည်းမျည်းစည်းကမ်းတွေနဲ့အညီလုပ်ဆောင်ရေး တိုက်တွန်းသွားဖို့ ရှိကြောင်း သိရပါတယ်။

အခုလိုမျိုး ကိုဗစ်နဲ့ ပတ်သက်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက မဏ္ဍပ်တစ်ခုမှာ လူ(၅၀) ပိုပြီး မစုဝေးရဆိုတဲ့ ကန့်သက်ချက်အပေါ် ရခိုင်ပြည်နယ်အတွင်း လူမှုကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ကိုဘက္ကာက သဘောမတူပါဘူး။

ကိုဘက္ကာပြောတာက “ ကျနော့်အနေနဲ့ ပြောရမယ်ဆိုရင် သင်္ကြန်တွင်းမှာ ရပ်ကွက်အလိုက် မဏ္ဍပ်ချလို့ လူ (၅၀) ထက်ပိုပြီး မစုဝေးရဆိုရင် ရန်ကုန်တို့၊ မန္တလေးတို့မှာ ထုတ်ရမှာပေါ့။ သူတို့ အဲဒီမှာ ထုတ်လို့နိုင်လား။ ကိုဗစ်ဆိုတာက တကယ်ရှိလား မေးခွန်းထုတ်စရာဖြစ်ပါတယ်။ ပြည်မဖက်မှာ လူတွေသိန်းနဲ့ ချီပြီး ဆန္ဒပြနေကြတယ်။ ဒီဥပဒေတွေက အဲဒီဖက်မှာဘယ်လိုလဲ ကျနော့်ပြန်မေးချင်ပါတယ်။” လို့ မေးခွန်းထုတ်ပြောဆိုပါတယ်။

ရခိုင်ထုံးတမ်းအစဉ်အလာအရရော၊ မြန်မာ့ဓလေ့ထုံးစံအရရော နှစ်ဟောင်းကုန်ပြီး နှစ်သစ်ကူးတဲ့အချိန်မှာ လူငယ်သဘာဝ၊ လူကြီး၊ လူငယ်တွေ အားလုံးပျော်ကြတာဖြစ်ပြီး စိတ်ညစ်မှုတွေကို ဖြေဖျောက်ပြီး ဘုရားကျောင်းကန်တွေသွားကြတာတွေ ရှိနိုင်ကြောင်း ကိုဘက္ကာက ဆက်ပြောပါတယ်။

စစ်တွေအခြေစိုက် ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဌဒေါ်ညိုအေးကလည်း “ ကျမတို့ အမြင်ကတော့ တစ်နိုင်ငံလုံးအတိုင်းအတာအရ သေးစိတ်ကအစ ထိန်းချုပ်နိုင်စွမ်းရှိအောင်ကြိုးစားနိုင်စွမ်းရှိမယ်ဆိုရင် ပြည်သူတွေကလည်း နာခံနိုင်ရင်ကောင်းပေမယ့်၊ မနာခံနိုင်ရင်တော့ ဟသွားနိုင်တာပေါ့။ဒါကြောင့် ဒီကြားထဲမှာ ဒီလိုအမိန့်အာဏာမျိုး မသုံးသင့်လို့မြင်ပါတယ်။” လို့ သူ့အမြင်ကို ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ (၂) နှစ်လောက်က ပြည်တွင်းစစ်ရေးပဋိပက္ခတွေအပြင် ကိုဗစ် ၁၉ ရောဂါကြောင့် ရခိုင်ရိုးရာသင်္ကြန်ရေသဘင်ပွဲတော်ကို မကျင်းပနိုင်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ ရခိုင်ပြည်နယ်အတွင်း ဒေသတည်ငြိမ်အေးချမ်းမှုရှိလာတဲ့အတွက် သင်္ကြန်ပွဲတော်ကို ကျင်းပသွားဖို့ ရှိနေတာကိုလည်း တွေ့ရပါတယ်။

နေပြည်တော်မှာတော့ အစောပိုင်းက ဆောက်လုပ်ထားတဲ့ မြို့တော်ဝန်မဏ္ဍပ်ကို ဒီနေ့မနက်ပိုင်းမှာ ပြန်ဖျက်နေပါတယ်။

#VoiceOfMyanmar #VOM #ရခိုင် #သင်္ကြန်

Related posts

Leave a Comment

VOM News

FREE
VIEW