မြန်မာ – ထိုင်းနယ်စပ်က စစ်ရှောင်တွေဆီ ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ဖို့ ထိုင်းအာဏာပိုင်တွေ ခွင့်ပြု

ဧပြီ၊ ၅ -၂၀၂၁
ခွန်ခမ့်သူ(VOM)

ထိုင်း-မြန်မာနယ်စပ်မှာ စစ်ဘေးရှောင်ရောက်ရှိနေတဲ့ ကရင်စစ်ရှောင်တွေဆီပေးပို့မယ် ကူညီထောက်ပံ့ရေးပစ္စည်းတွေကို သံလွင်မြစ်ကမ်းနံဘေး မဲ့စလက်(သောလယ်ထာ)လှေဆိပ် ကနေ တစ်ရက်တာ သယ်ဆောင်ခွင့်ကို နယ်မြေခံ ထိုင်းအာဏာပိုင်တွေက ဒီနေ့ ဧပြီ ၅ ရက်နေ့ မနက်ပိုင်းက ခွင့်ပြုလိုက်ပါတယ်။

ဧပြီ ၃ ရက်နေ့က တပ်မဟာ ၅ မူတြော်ခရိုင်က စစ်ရှောင်ပြည်သူတွေအတွက် ထောက်ပံ့ကူညီရေးပစ္စည်းတွေကို သယ်ဆောင်လာရာမှာ ထိုင်း-မြန်မာနယ်စပ် မဲ့စရင်းယန်းမြို့နယ် မဲ့စလက်(သောလယ်ထာ)လှေဆိပ်အရောက်မှာ ထိုင်းအာဏာပိုင်တွေက နယ်စပ်ဖြတ်ကျော် သယ်ဆောင်ဖို့ခွင့်မပြုဘဲ တားမြစ်ထားရာက ခွင့်ပြုပေးလိုက်တာပါ။

“ထိုင်းလူမှုအဖွဲ့အစည်းတွေရဲ့ ညှိနှိုင်းပေးမှုနဲ့ တစ်ရက်တာအတွက် သယ်ဆောင်ခွင့် ခွင့်ပြုပေးခဲ့တာဖြစ်ပြီး ထပ်မံပို့ဆောင်မယ့် ထောက်ပံ့ကူညီရေးပစ္စည်းတွေကို ခရိုင်အဆင့်ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းဆွေးနွေးသွားဖို့ လိုအပ်တယ်” လို့ စစ်ရှောင်ကူညီထောက်ပံ့ရေးအတွက် လိုက်လံကူညီနေသူ တစ်ဦးက ပြောပါတယ်။

ကရင်အဖွဲ့ (KTG) နဲ့ အစိုးရမဟုတ်တဲ့ အဲန်ဂျီအို အဖွဲ့အစည်းတစ်ဖွဲ့က ထောက်ပံ့ကူညီရေးပစ္စည်းတွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်၊ သောက်ရေသန့်နဲ့ လူသုံးကုန်ပစ္စည်း​တွေကို ကားအစီးရေ ၂၀ နဲ့ လာရောက်ပို့ဆောင်ပေးခဲ့တာပါ။

#voiceofmyanmar #vom #ထိုင်းမြန်မာနယ်စပ် #စစ်ဘေးသင့် #KTG

Related posts

Leave a Comment

VOM News

FREE
VIEW