ရခိုင်မှာ တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး စထိုးပေး

စစ်တွေ၊ ဇူလိုင် ၃၁- ၂၀၂၁
HAS (VOM)
 
ရခိုင်ပြည်နယ်အတွင်း မနေ့ ဇူလိုင်လ ၃၀ ရက်နေ့က ရောက်ရှိတဲ့ တရုတ်ထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးတွေကို ဒီကနေ့ မနက်ပိုင်း ၁၀ နာရီလောက်ကစတင်ပြီး မြို့မ အထက (၂)နဲ့ အထက (၄) စာသင်ကျောင်း၊ မင်းဂံရပ်ကွက် အထက (၉) နဲ့ စစ်တွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှာ စတင်ထိုးပေးတယ်လို့ သိရပါတယ်။
 
တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးအပေါ်ဝေဖန်မှုများရှိနေပေမယ့်လည်း မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ဟာ ရေမြေဒေသ၊ ရာသီဥတုတွေနီးစပ်မှုရှိတဲ့အတွက် ကြီးမားတဲ့ဆိုးကျိုးမရှိလို့မြင်ကြောင်း ရခိုင်ပြည်နယ်အတွင်း ပရဟိတလုပ်ငန်းတွေဆောင်ရွက်နေတဲ့ ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ ဒါရိုက်တာအဖွဲ့ဝင် ဦးခိုင်ကောင်းစံက ပြောပါတယ်။
 
ဦးခိုင်ကောင်းစံက ” ကျနော်တို့နိုင်ငံက နိုင်ငံရေးအခြေအနေတွေအရ မိမိတို့နိုင်ငံအတွင်းမှာလည်းမထုတ်နိုင်ဘူးလေ။ ဒါကြောင့် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်တို့ အိန္ဒိယတို့ကထုတ်တဲ့ ကာကွယ်ဆေးတွေကို သုံးကြရတယ်။ ကျနော်တို့နိုင်ငံမှာရှိတဲ့ ဆေးဝါးထုတ်လုပ်တဲ့စက်ရုံကလည်း ကျန်တဲ့ဆေးတွေတောင်အလုံအလောက်မထုတ်နိုင်သေးဘူး။ ဒါကြောင့် အိမ်နီးချင်းနိုင်ငံတွေကိုမှီခိုရတယ်။” လို့ ပြောပါတယ်။
 
အဲ့ဒီတရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေးဟာ နှစ်ကြိမ်ထိုးနှံရမှာဖြစ်ပြီး ကာကွယ်ဆေးဟာ ကိုဗစ်ကူးစက်နိုင်ခြေကနေ ပထမတစ်ကြိမ်ထိုးတဲ့အခါမှာ ၃၅% သာ ကာကွယ်နိုင်ကာ ဒုတိယအကြိမ်ထိုးနှံပြီးသွားရင်တော့ ကိုဗစ်ကူးစက်နိုင်ခြေ ၇၅ ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်မှာဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
 
ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ” အခု ရခိုင်ပြည်နယ်သို့ရောက်နေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေက ဦးစားပေးအုပ်စု ၁၂ စုကိုထိုးရင်လည်းရတယ်။ ဒါပေမယ့် အဲ့ဒီဟာက လူတိုင်းထိုးနိုင်ဖို့ မလုံလောက်နိုင်ဘူး။ အဲဒါကြောင့်ဆရာတို့က အရေးကြီးတဲ့အုပ်စုတွေကို အရင်ဆုံးထိုးမယ်ဆိုပြီးတော့ ဆုံးဖြတ်ထားတာပေါ့။ ဒီနေ့ မနက်ကစပြီး အသက် ၆၅ နှစ်အထက် လူကြီးတွေကို ထိုးပေးနေပါတယ်။” လို့ ပြောပါတယ်။
 
ရခိုင်ပြည်နယ်အတွင်း ပြည်သူလူထုအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံကြဖို့ကိုလည်း အေအေက တိုက်တွန်းထားပြီး ရခိုင်ပြည်သူလူထုကြားမှာတော့ ကာကွယ်ဆေးထိုးနှံမှုခံယူကြဖို့ကို တစ်ဦးနဲ့တစ်ဦးအပြန်အလှန်တိုက်တွန်း ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
 
” ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်သူတွေရဲ့ခေါင်းဆောင်ဆိုပြီး ပြည်သူလူထုတွေကလည်းအသိအမှတ်ပြုကြတယ်။ အသိအမှတ်ပြုရလောက်တဲ့အရည်အချင်းနဲ့ပြည့်စုံတဲ့သူဖြစ်တာကြောင့် အဲဒီလိုခေါင်းဆောင်က ကိုဗစ်နဲ့ပတ်သက်ပြီး ပြောဆိုတဲ့စကားတွေကို ပြည်သူတွေအနေနဲ့ လိုက်နာဖို့လိုတာပေါ့။ ပြည်သူလူထု ကျန်မာရေးအတွက် ပြောတာဖြစ်တယ်လို့ပဲ မြင်ပါတယ်။” လို့ ဦးခိုင်ကောင်းစံက ပြောပါတယ်။
 
တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး အလုံးရေ (၃) သောင်းခွဲကျော် ရခိုင်ပြည်နယ်ကိုရောက်ရှိနေတာဖြစ်ပြီး ဒီကနေ့မှာတော့ သက်ကြီးပိုင်းအရွယ်တွေကို ဦးစားပေးထိုးနှံပေးနေတာဖြစ်တယ်လို့လည်း သိရပါတယ်။
 
ပြီးခဲ့တဲ့ ဇွန်လ အတွင်းကလည်း တရုတ်နိုင်ငံထုတ်ကိုဗစ်ကာကွယ်ဆေးတွေ ကို ရခိုင်ပြည်နယ်သို့ ပထမဆုံးအကြိမ်ရောက်ရှိခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ပညာရေးဝန်ထမ်းတွေကို ထိုးနှံပေးခဲ့ကြောင်းလည်း သိရပါတယ်။
 
သံတွဲမြို့မှာတော့ မနေ့ ဇူလိုင်လ ၃၀ ရက်နေ့ကနေ တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးနေကြောင်း သိရပါတယ်။
 
ရခိုင်ပြည်နယ်အတွင်း ကိုဗစ် တတိယလှိုင်းမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၁၇၅ ဦးနှင့် ကူးစက်ခံရသူ (၂၇၁၄) ဦးရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
 
#voiceofmyanmar #VOM #ရခိုင#ကိုဗစ်ကာကွယ်ဆေး

Related posts

Leave a Comment

VOM News

FREE
VIEW