ရေဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူး ကိုဗစ်ကာကွယ်ဆေးထိုးပြီး အပြန်လမ်းမှာ မီးရှို့သတ်ခံရ

သြဂုတ် ၊ ၄ -၂၀၂၁
ရွှေဘုန်းမြတ်စံ(VOM)
 
စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရေဦးမြို့နယ် ၊မန်ကျည်းကုန်းကျေးရွာနဲ့ အုတ်ဖိုကျေးရွာ အကြား မန်ကျည်းကုန်းတံတားအကျော်နေရာမှာ ဒီနေ့ သြဂုတ် ၄ ရက် နေ့လယ်ပိုင်းက ရေဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူး တစ်ယောက် မီးရှို့သတ်ခံရတယ်လို့ ရေဦးမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။
 
အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ရေဦးမြို့ခံ တစ်ယောက်က ” ဒီကနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က အဲ့ဒီကိစ္စသိရတာပါ၊ သူက ညောင်နီကန်ကျေးရွာ အုပ်စု ၊ အုပ်စုအုပ်ချုပ်ရေးမှူး တစ်ယောက်ဖြစ်ပြီး ၊ ဝက်ဖြူရွာမှာနေတယ် ၊ ကိုဗစ်ကာကွယ်ဆေးထိုး အပြန်မှာဖြစ်တာပါ ၊ ဆိုင်ကယ်ရော လူပါ မီးရှို့ထားခဲ့တာဖြစ်တယ် ၊ ဘယ်သူတွေ သတ်တယ်ဆိုတာ မသိဘူး ၊ အလောင်းကတော့ အခုထိ အဲ့ဒီနေရာမှာ ရှိနေသေးတယ် “လို့ VOM ကို ပြောပါတယ် ။
 
ဒါ့အပြင် ရေဦးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဝင်တစ်ယောက်က အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ” သေဆုံးသူက မြို့နယ် စည်း/မှူး ဦးသောင်းဌေး အသက် ၅၁ နှစ်ဖြစ်တယ် ၊ ဘာကြောင့် သတ်ခံရတယ်ဆိုတာတော့ မသိဘူး ၊ မနေ့က မနက်ပိုင်းမှာ သူ့ရဲ့ face book မှာ ရွှေဘိုမြို့နယ် ပလိုင်းရွာက PDF အဖွဲ့ခေါင်းဆောင်ဟာ ဟိုတယ်မှာ ကောင်မလေးနဲ့ နှပ်နေတယ် ဆိုပြီး ဓာတ်ပုံတွေနဲ့ တင်ထားတာတော့ တွေ့တယ် ၊ အဲ့ဒီကိစ္စနဲ့များ ပတ်သက်နေလား မသိဘူး ” လို့ ပြောပါတယ်။
 
သေဆုံးသူ ဦးသောင်းဌေးဟာ ရေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူး တစ်ယောက်ဖြစ်သလို သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ပါတီမီဒီယာ ဦးဆောင်သူတစ်ယောက်လည်းဖြစ်တယ်လို့ သိရပါတယ်။။
 
အသတ်ခံရတဲ့ နေရာဝန်းကျင်းမှာ တောင်သူ လုပ်ကိုင်နေတဲ့ လယ်သမားတစ်ယောက်က “ဦးသောင်းဌေးကို အမည်မသိ လူ ၁၂ ယောက်က ဝိုင်းရိုက်တယ် ၊ ဦးသောင်းဌေးက သူ့ကိုမလုပ်ဖို့ တောင်းပန်တယ် ၊ သူလဲသွားတဲ့အခါ သူ့ကိုယ်ပေါ် ဆိုင်ကယ်ဖိပြီး လူရော ဆိုင်ကယ်ပါ မီးရှို့သွားတာ ဖြစ်တယ်”လို့ အင်တာနက် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတယ်လို့ သိရပါတယ်။
 
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ရေဦးမြို့နယ် ရဲတပ်ဖွဲ့ရုံးနဲ့ ရွှေဘိုခရိုင် ရဲတပ်ဖွဲ့ရုံးကို ထပ်ဆင့်အတည်ပြုချက်ရရှိဖို့ VOM က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
 
ဓာတ်ပုံ ၊ ရေဦးမြို့ခံ တစ်ဦး
#voiceofmyanamr #VOM #ရေဦး
 
ပုံစာ – သေဆုံး ဦးသောင်းဌေးအား မြင်တွေ့ရတဲ့ မှတ်တမ်းမြင်ကွင်းများ

Related posts

Leave a Comment

VOM News

FREE
VIEW